မြန်မာနိုင်ငံသို့ တရားမဝင်တင်သွင်းသည့် တရုတ်ဆိုင်ကယ်များအား ဋ္ဌာနပေါင်းစုံပူးပေါင်း အာဏာပိုင်အဖွဲ့က သျှမ်းပြည် (မြောက်ပိုင်း) မူစယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုံ အထွက်ဘက် မော့တောင်းလုံရွာအနီးတွင် ၂ ရက်ဆက်တိုက် ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၄ ရက်နှင့် ၅ ရက်နေ့ ဖမ်းဆီးမှုများအတွင်း တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှတဆင့် မြန်မာပြည်ဘက်သို့ တင်သွင်း နေသည့် ဆိုင်ကယ်အစီးရည် ၁၀၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဆိုင်ကယ်ကယ်ရီသမား တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“မော့တောင်းလုံရွာနားမှာ သောကြာနေ့နဲ့ စနေနေ့က ၂ ရက်ဆက်တိုက်ဖမ်းနေတယ် တစ်ရက်ကို အစီး ၅၀ ကျော် လောက် အဖမ်းခံနေရတယ် ဋ္ဌာနပေါင်းစုံပါတဲ့ အဖွဲ့က ဖမ်းတယ် ဖမ်းထားတဲ့ဆိုင်ကယ်တွေကို မူစယ်ဘက်ကို သယ် သွားတယ် ” ဟု သူက ဆိုသည်။
တရုတ်ဘက်မှမြန်မာပြည်သို့ ဆိုင်ကယ် ထော်လာဂျီ နှင့်ကားများကို တရားမဝင် တင်သွင်းလျှက်ရှိရာ မူစယ် ၊ လွယ် ဂျယ် ၊ လိုင်ဇာ လမ်းကြောင်းများမှတဆင့် သယ်ယူ နေကြောင်း သိရသည်။
“ကျွန်တော်တို့က ဒီကယ်ရီအလုပ်မှမလုပ်စားရင် တခြားအလုပ်လုပ်စရာမရှိတော့ဘူးဗျ လုပ်ချင်လွန်းလို့မဟုတ်ဘူး လုပ်စား စရာအလုပ်ကို မရှိတာ ” ဟု နောက်ထပ် ကယ်ရီသမား တစ်ဦးက ပြောသည်။
မြန်မာပြည်သို့ တင်သွင်းသည့် တရုတ်လုပ်ဆိုင်ကယ် အမျိုးအစားပေါင်း မြောက်များစွာရှိသည့် အနက် Kenbo , LuoJia , yinshan , Jialin ဆိုင်ကယ်များမှာ မြန်မာစျေးကွက်အကြိုက် ဆိုင်ကယ်များ ဖြစ်ကြောင်း သိရသည်။စျေးနှုန်းအားဖြင့် အစားစားရှိပြီး အနည်းဆုံးတရုတ်ယွမ်ငွေ ၂၅၀၀ ၀န်းကျင်မှ ၃၀၀၀ ကျော်အထိ ပေါက်စျေးရှိကြောင်း သိရသည်။
“အခုကမန္တလေးအထိ မသယ်ကြတော့ဘူး သျှမ်းပြည်ဘက်လမ်းဆို လားရိူးအထိပဲသယ်တာများတယ် တစ်စီးကို မြန်မာငွေ ၁ သောင်းဝန်းကျင်ကျန်တယ် ကယ်ရီသမား တစ်ယောက်ကို ဆိုင်ကယ် ၃ စီးလောက်ဖြုတ်ပြီး သယ်တယ် ” လို့ ပထမ ကယ်ရီသမားက ပြောသည်။
ဆိုင်ကယ်များကို နည်းလမ်းပေါင်းစုံဖြင့် ပုံမှန်သယ်ယူနေကြရာ ယခုလို အဖမ်းအဆီးများ ရံဖန်ရံခါ ရှိကြောင်း သိရသည်။