၂၀၀၉ - ၂၀၁၀ အတွင်း ဘိန်းပိုစိုက် - အထွက်နှုန်း ကျဆင်းမှု စံချိန်တင်

၂၀၀၉ - ၂၀၁၀ အတွင်း ဘိန်းပိုစိုက် - အထွက်နှုန်း ကျဆင်းမှု စံချိန်တင်
၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီ၏ သျှမ်းပြည်ဘိန်းစိုက်ပျိုးမှုမှာ အခြားနှစ်များထက် ပိုများသော်လည်း အထွက်နှုန်းကျဆင်းမှု ၌ စံချိန်တင်ကြောင်း စုံစမ်းသိရှိရ....

၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီ၏ သျှမ်းပြည်ဘိန်းစိုက်ပျိုးမှုမှာ အခြားနှစ်များထက် ပိုများသော်လည်း အထွက်နှုန်းကျဆင်းမှု ၌ စံချိန်တင်ကြောင်း စုံစမ်းသိရှိရပါသည်။

“ ပြီးခဲ့တဲ့ရာသီက မနှစ်က ရာသီထက် ဘိန်းပိုစိုက်ကြတယ်။ ဒါပေမယ့် ဘိန်းထွက်နှုန်းက မတက်ဘူး၊ စံချိန်တင်အောင်ကျ ဆင်းတယ်” - ဟု နယ်စပ်နေ သျှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့ဝင်တဦး ကပြောပါသည်။

၂၀၀၈ - ၂၀၀၉ ဘိန်းစိုက်ပျိုးမှုတွင် အရှုံးပေါ်သောကြောင့် ၂၀၀၉ - ၂၀၁၀ ဘိန်းအထွက်နှုန်းပြန်ကောင်းလာမည့် မျှော်လင့် ချက်ဖြင့် ဘိန်းခြံပိုမိုတိုးချဲ့ စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် မျှော်လင့်ချက်အတိုင်း ဘိန်းမထွက်ဘဲယခင် နှစ်များ ထက်ပင် ပိုမိုကျဆင်းနေကြောင်း ဘိန်းခြံစိုက်ပျိုးလုပ်ကိုင်ခဲ့သူများက ပြောပါသည်။

“ကျနော်တို့ ဟိုမိန်းမြို့နယ်(ခွဲ)အတွင်းမှာ အရင်နှစ်က ဘိန်းစိမ်းပိဿာချိန် ၉၀၀ လောက်ထွက်တယ်။ အခုက ၆၀၀ လောက်ဘဲထွက်တယ်။ ဒါတောင် တိုးချဲ့ စိုက်ပျိုးထားတာ” - ဟု ဘိန်းခြံလုပ်ငန်းအဆင်မပြေမှုကြောင့် ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့လာသူ တောင်သူတဦးက ပြောပါသည်။

ထို့အတူ ကွန်ဟိန်းမြို့ခံတဦးကလည်း ယမန်နှစ်က ၎င်းပိုင်ဘိန်းခြံမှ ဘိန်းပိဿာချိန် ၁၀ ပိဿာကျော်ထွက်သော် လည်း ယခုနှစ်ဘိန်းစိုက်ရာသီ၌ ၄၀ ကျပ်သားခန့်သာ ထွက်ရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

poppy

သျှမ်းပြည်အတွင်းဘိန်းပိုမိုစိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက - “ဟုတ်တယ် မြောက်ပိုင်း သျှမ်းပြည်ဘက်လဲ ပိုစိုက်တယ်၊ နမ့်ခမ်းမြို့နယ်ထဲမှာဆို ဘိန်းစိုက်ပျိုးမှုက သိသိသာသာပိုများတယ်လို့ပြောရမှာဘဲ။ အဲ့မှာ ပြည်သူ့စစ်အဖွဲ့လည်း ၁၇ ဖွဲ့ရှိတယ်။ ဘိန်းခြံအခွန် ကောက်စားဖို့လဲ သူတို့ကို နအဖ စစ်တပ်က ခွင့်ြုပထားတယ်၊ ဝေစုပြန်ခွဲယူတယ်၊ သျှမ်းပြည်တောင်ပိုင်း နားယိုင်း၊ မကျိုင်းဒေသ ဘက်လဲ အဲဒီလိုဘဲ” - ဟု ပြော၏။

သျှမ်းပြည်အတွင်းဘိန်းစိုက်ပျိုးမှု ပိုများသော်လည်း ဘိန်းအထွက်နှုန်းကျဆင်းခြင်းနှင့်ပတ်သက်၍ ဦးခွန်စိုင်းက -ပစိဖိတ်သမုဒ္ဒရာမှ ဖြတ်သန်းတိုက်ခတ်လာသည့် အယ်လ်နီးညိုး လေနွေးလမ်းကြောင်း အကျိုးဆက်မှပေါ်ပေါက် လာသောရာသီဥတုဖေါက်ပြန်မှုကြောင့်ဖြစ်သည်ဟုဆို၏။ ဘိန်းအပါအဝင် စပါးနှင့်အခြား စိုက်ပျိုးသီးနှံ များလည်း ထွက်နှုန်း မကောင်းဟု ဆက်ပြောပါသည်။

၂၀၀၉- ၂၀၁၀ အတွင်း ဘိန်းစိုက်ပျိုးမှု/ထွက်ရှိမှု အခြေအနေ အသေးစိတ်ကို သျှမ်းပြည်မူးယစ်စောင့် ကြည့် လေ့လာရေး အဖွဲ့က ဂျွန် ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အမှီ အစီရင်ခံစာထုတ်ပြန်မည်ဟု ခေါင်းဆောင်ဖြစ်သူ ဦးခွန်စိုင်းက ဆိုပါသည်။