လွယ်တိုင်းလျဲန်းအခြေစိုက် SSA တောင်ပိုင်း နှင့် အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ ၁ တို့ ၅၂ နှစ် မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပကြကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ မေ ၂၁ ရက်တွင် ကျရောက်သော သမိုင်းဝင် ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့် လွယ်တိုင်းလျဲန်း၌ တိုင်းပြည်အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည် ရဲဘော်များအား အလေးပြုပြီး စစ်ရေးပြအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။ သက်စွန့်စစ်သည်များအား ရည်စူး၍ ရဟန်းသံဃာသူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ ပြည်သူ လူထုများလည်း တက်ရောက်ကြသည်။
စစ်ရေးပြချီတက်စဉ်
နအဖမှ တောင်းဆိုထားသော ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံခြင်း မရှိသေးသည့် ဗိုလ်ချုပ်ပန်ဖှ ခေါင်းဆောင်သော အပစ်ရပ်သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တွင်လည်း ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်စစ်ရေးပြအခမ်းအနားကျင်းပ ကြောင်း၊ တိုင်းပြည် အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည်ရဲဘော်များနှင့်ငြိမ်းချမ်းရေးရယူပြီး နောက် နအဖတပ်၏ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုခံခဲ့ကြရသော ရဲဘော်များကို အလေးပြုကြကြောင်း၊ ၎င်းတို့အားရည်စူး၍ ရဟန်းသံဃာအရှင်သူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း စုံစမ်းသိရှိရ သည်။
အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှမှ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံ မေ ၁၁ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့သည်ဟုလည်း သိရှိရသည်။
ဗိုလ်ချုပ်ပန်ဖှက “အမှိုက်ကစ ပြဿဒ်မီးလောင် မဖြစ်ချင်တာကြောင့် ကျနော်တို့ သည်းခံလာခဲ့ရတာလည်း ကြာခဲ့ပြီ။ နအဖစစ်တပ်က အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်သားတွေဖြစ်မှန်းသိသိကြီးနဲ့ လာပြီး တိုက်ခိုက်တယ်။ ကျနော့်တပ်သားတွေကိုလဲ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်”ဟု ပြောကြား ခဲ့သည်။
၁၉၉၇ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သီပေါမြို့နယ်အတွင်းရောက်ရှိနေသော အပစ်ရပ် SSA တပ်မဟာ ၁၆ မှ စစ်သည် ၆ ဦးအား နအဖစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
၂၀၀၀ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင်လည်း အပစ်ရပ် SSA တပ်မဟာ ၁ ကို နအဖစစ်တပ်က တိုက်ခိုက်ခဲ့သည်။ SSA ဖက်မှ စစ်သည်များက နအဖ လူမှားပစ်ခတ်သည်ဟု ယူဆပြီး ထိပ်တိုက် မဖြစ်ချင်သောကြောင့် နောက်ဆုတ်ပေးခဲ့သည်။ SSA မှ စစ်သည်နှစ်ဦးကိုလည်း နအဖက ဖမ်းဆီးရမိ၍ နှိပ်စက်ညှင်းပန်းပြီးမှ သတ်ဖြတ်ခဲ့သည်။
အပစ်ရပ် SSA မြောက်ပိုင်းသည် နအဖဖက်မှနေ၍ စိန်ကျော့၊ ၀မ်ဟိုင်း၊ နမ့်လောင်း၊ မိုင်းဟ၊ မိုင်းဟိုင်းတို့တွင် စဝ်ခွန်ဆာ ဦးဆောင်သော MTA တပ်ဖွဲ့ကို ကူတိုက်ခိုက်ပေးခဲ့ဖူးသည်။