မေ ၁၈ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၌ နအဖ အဆင့်မြင့်အရာရှိများ ဦးစီးကျင်းပသည့် နယ်ခြား စောင့်တပ် အသွင်ပြောင်းခြင်း အခမ်းအနားသို့ မိုင်းလားတပ်ဖွဲ့ ပါ၀င်ပတ်သက်ခြင်းမရှိ ဟု မိုင်းလားဌာနချုပ်အရာရှိ တဦးက ပြောပါသည်။
“ကျနော်တို့ တပ်ဖွဲ့ အနေနဲ့ အသွင်ပြောင်းဖို့ အစီအစဉ်မရှိဘူး၊ ကျနော်တို့တောင်းဆိုတဲ့ အချက် ၆ ချက် ကိုလဲ နအဖက လျစ်လျှူရှုထားတယ်။ သူတို့ဘက်က အလျှော့မပေးတော့ ဧပြီ ၃၀ ရက်နေ့ ကျိုင်းတုံ စရဖမှူး ဖိတ်ခေါ်တာ တောင်သွားမတွေ့ဘူး၊ အဲကတည်းက အသွင်ပြောင်းရေး အကြောင်း တခွန်းတပါဒမှ ဟမလာတော့ ဘူး” - ဟု အဆိုပါ အမည်မဖေါ်လိုသည့် မိုင်းလားဌာနချုပ် အဆင့်မြင့်အရာရှိကပြောပါသည်။
မေ ၁၉ ရက် ထုတ် နအဖဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် သျှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်ခြားစောင့် တပ် ဖွင့်လှစ်ခြင်းအခမ်းအနား တာချီလိတ်၌ ကျင်းပကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီးရဲမြင့် ဦးစီးပြီး အခမ်းအနားဖွင့်လှစ်ကြောင်း၊ တြိဂံတိုင်းတိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးလည်းတက်ရောက်ကြောင်း - ဖေါ်ပြထားသည်။
သို့သော် မည်သည့်အဖွဲ့က နယ်ခြားစောင့်တပ်ရင်းအမှတ် (ဘယ်လောက်)သို့ ပြောင်းလဲဖွဲ့စည်းလိုက်သည်ဟူသည့် အချက်ကိုမူ ဖေါ်ပြထားခြင်း မရှိပေ။ အဆိုပါသတင်းနှင့်ပတ်သက်၍ မြန်မာ့အလင်းသတင်းစာကို ကိုး ကားပြီး တရုတ် နိုင်ငံအခြေစိုက် peopledaily ၀က်ပ်ဆိုက် (အင်္ဂလိပ်စာ မျက်နှာ) က ‘အထူးဒေသ ၄ မိုင်း လားတပ်ဖွဲ့နယ်ခြားစောင့်တပ် အသွင်ပြောင်းလိုက်ကြောင်း’ ၁၉ ရက်နေ့ထုတ်အင်တာနက်သတင်း http://english.peopledaily.com.cn/90001/90777/ 90851/ 6990850.html တွင်ဖေါ်ပြထား သည်။၎င်းင်းနှင့် ပတ်သက်၍ မိုင်းလားတပ်ဖွဲ့က ဤကဲ့သို့ ငြင်းဆိုခြင်းဖြစ်သည်။
“အခုနယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တာက တာချီလိတ်မြို့နယ်အတွင်းရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့လေးတွေဖြစ်တဲ့ ဟောင်လိတ်၊ မိုင်းဖုန်းအုပ်စု၊ မိုင်းကိုး၊ ဖန်မင်၊ နားယောင်း(၀်)၊ ရန်ကုန်ရွာ၊ ရန်ကင်း၊ ရန်ရှင်းရွာက ဒေသခံပြည် သူ့စစ်တွေပါ။ သူတို့ အထဲက အင်အားအများဆုံးကတော့ နားယောဝ်းအုပ်စုက လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ပေါ့၊ သူတို့တွေကို စုပေါင်းခိုင်းပြီး နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၉ အဖြစ် ဖွဲ့စည်းခိုင်းတာဖြစ်ပါတယ်” - ဟု နားယောဝ်း ကျေးရွာ အုပ်စုမှ ရွာသားတဦးကပြောပြပါသည်။
နအဖ ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ် တပ်ရင်းများမှာ အပစ်ရပ် NDA-K တပ်ရင်း ၁၀၀၁ ၊ ၁၀၀၂ ၊ ၁၀၀၃ ၊ အပစ်ရပ် KNPLF တပ်ရင်း ၁၀၀၄ ၊ ၁၀၀၅ ၊ ပိုင်ဆုံချိန်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ က ၁၀၀၆၊ မိုင်းတုံမြို့နယ် အတွင်းရှိ လားဟူပြည်သူ့စစ်များအား စုပေါင်း၍ နယ်ခြားစောင့် တပ်ရင်းအမှတ် ၁၀၀၇ ၊ မိုင်းယု လားဟူ ပြည်သူ့စစ်အား ၁၀၀၈ နှင့် ယခုတာချီလိတ်မြို့နယ်၌ ဖွဲ့စည်းလိုက်သော ပြည်သူ့ စစ်တပ်ဖွဲ့မှာ နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၉ ဟူ၍ဖြစ်၏။ ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကိုယ်တိုင်အခမ်းအနားဖြင့် စစ်ယူနီဖေါင်း/ ရာထူး/တံဆိပ် တို့ကို အပ်နှင်းပေးခဲ့သည်။
ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၁၀၀၆ တပ်ရင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အကြိမ် ၂၀ ထက်မနည်းတွေ့ဆုံဖိအားပေးခံရသည့် ကချင်ပြည်လွတ်လပ် ရေး တပ်မတော် KIA ၊ မြန်မာနိုင်ငံတွင် ဗမာ့တပ်မတော်ပြီးလျှင် အင်အားအတောင့်တင်းဆုံး ဖြစ်သည့် ၀ ပြည် သွေးစည်း ရေးတပ်မတော် UWSA ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ ပိုင်း မိုင်းလားတပ်ဖွဲ NDAA-ESS တို့မှာမူ အသွင်ပြောင်းခြင်းလက်မခံဘဲ တင်းခံထားဆဲဖြစ်သည်။
သို့သော် အပစ်ရပ် မြောက်ပိုင်း သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်း နှင့် ဒု ဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖှ တို့မှာ နအဖ ၏ ဌာနေ ပြည်သူ့ စစ်အဖြစ်အသွင်ပြောင်းရေးလက်ခံထားပြီးဖြစ်သော်လည်း ၎င်းးတို့တပ်ဖွဲ့အတွင်း အင်အား ထက်ဝက်ကျော်ရှိသည့် တပ်မဟာ ၁ ကမူ အသွင်ပြောင်းရေး လုံးဝလက်မခံ၊ နအဖ မှ ကျူးကျော်တို်က် ခိုက်လာပါက အခြားအင်အားကြီးအပစ်ရပ်တပ်ဖွဲ့များနှင့် လက်တွဲခုခံရန် သဘောတူညီမှု ရယူထားသည့်တပ်ဖွဲ့ ဖြစ်သည်။