နအဖ ဒက်လိုင်းသစ်ထပ်ပေးခြိမ်းခြောက် အပစ်ရပ် SSA တပ်မဟာ ၁ ငြင်းဆန်ပယ်ချ

နအဖ ဒက်လိုင်းသစ်ထပ်ပေးခြိမ်းခြောက် အပစ်ရပ် SSA တပ်မဟာ ၁ ငြင်းဆန်ပယ်ချ
ယခုလ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေပြည်သူ့စစ်တပ်အသွင်ပြောင်းရန် ရပခ ဒုတိုင်းမှူး၏ အပစ်ရပ် SSA တပ်မဟာ ၁ အပေါ် ထပ်မံဖိ အားပေးခြိမ်းခြောက်မှုကို တပ်မဟာမှူးအပါအဝင် တပ်မှူးများ လုံးဝလက်ခံမည် မဟုတ်ကြောင်း...

ယခုလ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေပြည်သူ့စစ်တပ်အသွင်ပြောင်းရန် ရပခ ဒုတိုင်းမှူး၏ အပစ်ရပ် SSA တပ်မဟာ ၁ အပေါ် ထပ်မံဖိ အားပေးခြိမ်းခြောက်မှုကို တပ်မဟာမှူးအပါအဝင် တပ်မှူးများ လုံးဝလက်ခံမည် မဟုတ်ကြောင်း စုံစမ်းသိရှိရပါသည်။

“ဘယ်လိုအခြေအနေဘဲရောက်ရောက် ကျနော်တို့က နအဖစစ်တပ်လက်အောက်ခံပြည်သူ့စစ်ဘဝတော့ အဖြစ်မခံနိုင် ဘူး၊ ၁၉၆၄ က စခဲ့တဲ့ သျှမ်းပြည် တပ်မတော် သမိုင်းကို ကျနော်တို့ တပ်မဟာ ၁ က ဆက်လက်ထိန်းသိမ်းသွားမယ်၊ လက်နက်သာမကဘဲ လူပါအညံ့ခံပါသွားရတဲ့အဖြစ်မျိုးလက်မခံနိုင်ဘူး၊ ဒါတပ်မဟာ ၁ ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ဘဲ”- ဟု အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှ က အတည်ပြုပြောဆိုပါသည်။

တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးက အပစ်ရပ် မြောက်ပိုင်း သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တပ်မှူးထံ  မေ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေပြည်သူ့စစ်အဖြစ်လုံးဝအသွင် ပြောင်းရေး အဖြေပေးရမည်ဟု မေ ၉ ရက်နေ့၌ အကြောင်းကြားခဲ့၏။ မေ ၁၁ ရက် တပ်မဟာ ၁ ထိန်းချုပ် နယ်မြေသို့ လာမည်ဖြစ် ကြောင်းလည်းပြောခဲ့သေးသည်ဟု သိရ၏။

“မနက်ဖြန်လာမယ်ဆိုတာက အင်အားသုံးပြီး လာမှာမဟုုတ်ဘူးတဲ့၊ ၀မ့်ဟိုင်းအပစ်ရပ် SSA တပ်မဟာ ၁ နဲ့ နအဖကြား အကောင်းဘက် အပြုသဘောဆောင်ဖို့ လာမှာဖြစ်တယ်တဲ့” - ဟု တပ်မဟာ ၁ နှင့် နီးစပ်သူတဦးကပြောပါသည်။

“မေ ရ ရက်နေ့တုန်းက တပ်မဟာ ၁ ကိုယ်စားလှယ်နဲ့ ရပခ ဒုတိုင်းမှူးတို့ ကွန်ဟိန်းမှာတွေ့တယ်။ အဲ့ဒီအချိန်က တမျိုး၊ အခု မနေ့တုန်းကထပ်မံအကြောင်းကြား လာတာက တမျိုး။ လုံးဝအသွင်မပြောင်းရင်မရဘူးဆိုတဲ့ ဖိအားနဲ့ ခြိမ်းခြောက် လာပြန်တယ်။ကျနော်တို့ခေါင်းဆောင်တွေသိထားဖို့က အသွင်ပြောင်းဖို့လက်ခံ လိုက်တာနဲ့ နအဖကို တိုက်တဲ့တပ် တွေဆီ ကျနော်တို့သွားပူးပေါင်းမှာဘဲ၊ ဥက္ကဌ နဲ့ ဒုဥက္ကဌ တို့လို ကိုယ်လွတ်ရုန်း အညံ့ခံတိုင်းသူတို့ နောက်မလိုက်နိုင်ဘူး” - ဟု အမည်မဖေါ်လိုသည့် တပ်မှူးတဦးက ပြောသည်။

မေလ ရ ရက်နေ့က ရပခ ဒု တိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦး၊ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး နှင့် အပစ်ရပ် SSA တပ် မဟာ ၁ ကိုယ်စားလှယ် ဗိုလ်မှူးကြီးခေးတိုင်း၊ ဗိုလ်ကြီးကျော်လှနှင့် ဒုဗိုလ်စိုင်းအောင်ဘတို့အဖွဲ့ ကွန်ဟိန်း၌ တွေ့ဆုံခဲ့ ကြ၏။

မေ ရ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ၌ ရပခဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးက တပ်မဟာ ၁ ကိုယ်စားလှယ်အား ‘ခင်ဗျားတို့ အားလုံး အသွင်မပြောင်းချင်လဲ အင်အား အယောက် ၂၀-၃၀ နဲ့ ပြည်သူ့စစ်ဝတ်စုံဝတ်ပြီး ဓါတ်ပုံလေးရိုက်လိုက်ရင်ရပြီ’ ဟု ဆို၏။

ဗိုလ်မှူးကြီးချစ်ဦးက ရွေးကောက်ပွဲအထိ ဗမာ့တပ်မတော်နှင့် ထိပ်တိုက်မဖြစ်ရန် အထူးရှောင်ရှား သတိထားရမည်ဖြစ် ကြောင်း၊ ထိပ်တိုက်ဖြစ်ခဲ့ပါက ဗမာ့တပ်မတော် အနေဖြင့် ခွင့်လွှတ်မည်မဟုတ်ကြောင်း၊ အင်အားသုံးဖို့ရန်လည်း အဆင့် သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သေးသည်ဟု ကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သည့် ကွန်ဟိန်းဒေသခံတဦး ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သင်္ကြန်ကာလ သဘောတူညီမှုရထားကြသည့် UWSA, KIA, NDAA မဟာမိတ် ၃ ဖွဲ့ကလည်း အပစ်ရပ် SSA ခေါင်း ဆောင်ပိုင်းအချို့ နအဖ၏ အသွင်ပြောင်းရေး ပေါ်လစီလက်ခံလိုက်သည့်ကိစ္စကို စိတ်ပျက်မိသော်လည်း တပ်မဟာ ၁ အနေဖြင့် SSA ၏ ဂုဏ်သိက္ခာအတွက် ယခုကဲ့သို့ ရဲရင့်ပြတ်သားသည့် စိတ်ဓါတ်နှင့် ရပ်တည်ချက် အပေါ် ဂုဏ်ပြုကြို ဆိုကြောင်း၊ နအဖ က ချော့၍ပျော့သူ၊ ခြောက်၍ကြောက်သူတို့အား သွေးတိုးစမ်း စားပစ်သည့် နည်းဗျူဟာကို သုံးနေ ကြောင်း နအဖ မှ cf- SSA တပ်မဟာ ၁ အပေါ် ကျူးကျော်ရန်စလာ မည်ဆိုပါက ကူညီတိုက်ခိုက်ရန်ဝန်မလေး လက်မ နှေးကြောင်း - စသဖြင့်အားပေး စကားပြောကြားခဲ့သည်ဟု အပစ်ရပ်ခေါင်းဆောင်ပိုင်းအသိုင်းအဝိုင်းမှ ကြားသိရပါ သည်။

Most read this week