မူဆယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့ရန် အမည်စာရင်းကောက်

မူဆယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့ရန် အမည်စာရင်းကောက်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းရာတွင် ပါ၀င်စေမည့် သူများ၏ အမည်စာ ရင်းအား ဒေသအာဏာပိုင်များက ဧပြီလလယ်ပိုင်းတွင် စတင်ကောက်ယူခဲ့ပြီး ၎င်းတို့၏ နောက်ကြောင်း ရာဇဝင် ဆိုင်ရာ အချက်အလက်များကို နေပြည်တော်သို့ ပေးပို့အစီရင်ခံ...

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းရာတွင် ပါ၀င်စေမည့် သူများ၏ အမည်စာ ရင်းအား ဒေသအာဏာပိုင်များက ဧပြီလလယ်ပိုင်းတွင် စတင်ကောက်ယူခဲ့ပြီး ၎င်းတို့၏ နောက်ကြောင်း ရာဇဝင် ဆိုင်ရာ အချက်အလက်များကို နေပြည်တော်သို့ ပေးပို့အစီရင်ခံထားကြောင်း စုံစမ်းသိရသည်။

မူစယ်ခရိုင်အတွင်းရှိ မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်တို့ ၃ ခုနှင့် ကြူကုတ်(ပန်ဆိုင်း)၊ မုံးပေါ် ၊ မုံးကိုး ၊ မန့်ဟျှိူး (မန့်ဟီးရိုး) နှင့် တာမိုးညဲ မြို့နယ်ခွဲများအတွင်းရှိ လူ ၁၁ ဦးကို ရွေးချယ်စာရင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ၁၁ ဦးတွင် မူစယ်မြို့မှ  ၄ ဦး ကျန်မြို့နယ်နှင့် မြို့နယ်ခွဲများမှ ၁ ဦးစီ ပါ၀င်ပြီး မူစယ်မြို့နယ် ဆယ်လန့်ရွာ နှင့် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် နောင်တောင်းရွာများမှ တစ်ဦးစီ ထည့်သွင်းထားကြောင်း သိရသည်။

ယခုရွေးချယ်ခံထားရသူများသည်  အစဉ်အဆက်နေထိုင်လာသည့် ဒေသခံများမဟုတ်ပဲ တစ်နယ်တစ်ကျေးမှ ရွေ့ပြောင်း နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

ထိုအခြေအနေကြောင့် အာဏာပိုင်များက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို  ကြိုးကိုင်နိူင်ရန် စီစဉ်ထားခြင်း ဖြစ်ဖွယ်ရှိ ကြောင်း ဒေသတွင်း အကြားအမြင်များသည့် အသိုင်းအဝိုင်းက ထင်ကြေးပေးလျှက်ရှိသည်။

၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖက ထုတ်ပြန်ခဲ့သည့် အမျိုးသားလွတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ကော်မရှင် ဆိုသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဆိုသည်ဟု ဖေါ်ပြထားသည်။

ကော်မရှင်အဖွဲ့ခွဲဆိုသည်မှာ ကော်မရှင်က ဖွဲ့စည်းထားသော နေပြည်တော်ကော်မရှင် အဖွဲ့ခွဲ ၊ တိုင်းဒေသကြီး (သို့) ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကော်မရှင် အဖွဲ့ခွဲ၊ ခရိုင် ကော်မရှင်အဖွဲ့ခွဲ ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ နှင့် ရပ်ကွက် (သို့) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ တို့ကို ဆိုသည်။

လုပ်ပိုင်ခွင့်အနေဖြင့် ရွေးကောက်ပွဲကျင်းပရက် ကြေငြာခြင်း လွတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းသည့် နေ့ရက် ကြေငြာခြင်း ရွေးကောက်ပွဲ ရွေ့ဆိုင်းခြင်း မဲရုံရွေ့ပြောင်းခြင်း မဲစာရင်းပြုစုခြင်း အပါအဝင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သလိုဆောင်ရွက်ရန် လုပ်ပိုင်ခွင့်များ အပ်နှင်းထားသည်။

နအဖ၏ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် ၁၉၉၀ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် သျှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ ဖျက်သိမ်းစေရန် တမင်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အတိုက်အခံများက ယူဆလျှက်ရှိသည်။

ထို့အပြင် နအဖဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် အရပ်သားအဖြစ် အသွင်ပြောင်း၍ ကြ့ံဖွံ့ပါတီအနေဖြင့် ရွေး ကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ထားသောကြောင့် နအဖကိုယ်တိုင်က ၎င်းတို့ထုတ်ထားသည့် ဥပဒေကို ချိုးဖေါက်နေ ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

Most read this week