သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် ဒေသအာဏာပိုင်များကြား လောင်းကစားရုံ လာဘ်ငွေ ကိစ္စ တိုင်တန်းမှု ဖြစ်ပွားပြီးနောက် ဧပြီလ ၂၉ ရက်နေ့က တရုတ်- မြန်မာနယ်စပ်တွင် ဖွင့်ထားသော လောင်းကစားရုံ တစ်ရုံ ပိတ်လိုက်ရကြောင်း စုံစမ်းသိရသည်။
ကြူကုတ်(ပန်ဆိုင်း) မြို့နယ်အပိုင် မြန်မာဘက်ခြမ်း နမ့်ယားချောင်းအနီးရှိ အဆိုပါ လောင်းကစားရုံမှ တစ်ရက် တရုတ်ယွမ်ငွေ ၅၀ လာဘ်ငွေပေးရန် စစ်ဘက်ရေးရာ လုံခြံုရေး(စရဖ) တပ်ဖွဲ့ဝင် ဆရာကျော်မြင့်ဆိုသူက တောင်းဆိုခဲ့ရာ ၄င်းတောင်းဆိုသည့် ငွေမရသဖြင့် လားရိူးမြို့အာဏာပိုင်အထိ တိုင်ကြားခဲ့ကြောင်း သိရသည်။
ထိုသို့တိုင်တန်းမှု ဖြစ်ပြီးနောက် လားရိူးအာဏာပိုင်များက လောင်းကစားရုံပိတ်ခဲ့ခြင်း ဖြစ်ကြောင်း လောင်းကစားရုံနှင့်နီး စပ်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ပန်ဆိုင်းရပ်ကွက် ၁ မှာနေတဲ့ ဆရာကျော်မြင့်က ပြောတယ်လေ သူက ပိုက်ဆံသွားတောင်းတယ် တစ်ရက် တရုတ်ယွမ် ငွေ ၅၀ ပေးဖို့ သူတို့မပေးလာတော့ လားရိူးမှာ သွားတိုင်တယ် တိုင်ပြီးမှ လားရိူးကနေ ပြန်လာပိတ်တာပေါ့ ” လို့ သူက ဆိုသည်။
အဆိုပါလောင်းကစားရုံတွင် ကစားဝိုင်းများဖွင့်နိူင်ရန် အတွက် ကြူကုတ်(ပန်ဆိုင်း) မယကနှင့်ရဲစခန်းသို့ နေ့စဉ်ကြေး ပေးနေရသည်ဟု သူက ဆိုသည်။
“ ပန်ဆိုင်းမယကဥက္ကဋ္ဌက နည်းတာများတာတော့မဟုတ်ဘူး ကြည့်ပြီးမှ ပေးတယ် ရဲစခန်းမှူးကိုတော့ တစ်ရက်ကို တရုတ် ငွေ ၁၀၀ ပေးတယ် ဖွင့်တာကတော့ ပြည်သူ့ စစ်လည်း ပါတယ် ပေါင်းပြီးမှ လုပ်တာပေါ့ ” လို့ ဆိုသည်။
တရုတ် - မြန်မာနယ်စပ် တစ်လျှောက် မြန်မာဘက်ခြမ်း၌ လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားရာ တရုတ်လူမျိုး ကစား သမား ဖေါက်သည် အများစု လာရောက်ကြပြီး အဆိုပါလောင်းကစားဝိုင်းများတွင် ရာဇဝတ်မှုခင်းများ မကြာခဏ ဖြစ်ပေါ် ကြောင်း သိရသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်က တရုတ်နယ်စပ်အနီး မြန်မာဘက်ခြမ်းတွင်ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းများနှင့် ပတ်သက် ၍ တရုတ်အာဏာပိုင်များက မြန်မာနအဖ စစ်အစိုးရထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း တရုတ်နယ်စပ် သတင်းများအရ သိရ သည်။