KNU နယ်မြေအတွင်း လှုပ်ရှားနေသော နအဖတပ်များ

KNU နယ်မြေအတွင်း လှုပ်ရှားနေသော နအဖတပ်များ
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နယ်မြေအတွင်း၌ လက်ရှိအချိန်တွင် မြန်မာစစ်တပ်မှ တိုက်ခိုက် ရေး တပ်ရင်း တစ်ရာကျော်ခန့် နေရာယူလှုပ်ရှားနေကြောင်း မကြာသေးမီကရရှိသည့် စစ်ရေးအစီရင်ခံစာ တစ်စောင်အရ....

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နယ်မြေအတွင်း၌ လက်ရှိအချိန်တွင် မြန်မာစစ်တပ်မှ တိုက်ခိုက် ရေး တပ်ရင်း တစ်ရာကျော်ခန့် နေရာယူလှုပ်ရှားနေကြောင်း မကြာသေးမီကရရှိသည့် စစ်ရေးအစီရင်ခံစာ တစ်စောင်အရ သိရသည်။

ကရင်လက်နက်ကိုင်တပ်များရှိရာ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ရှိ ကရင်နှင့် မွန်ပြည်နယ် ၊ ပဲခူးနှင့် သနင်္သာရီတိုင်း အတွင်းရှိ နယ်မြေများတွင် မြန်မာစစ်တပ်၏ ပင်မ မြေပြင် တိုက်ခိုက်ရေး တပ်မ၂ ခု နှင့် စကခ (ခေါ်) စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် (၈)ခုတို့ ပုံမှန်လှုပ်ရှားကြောင်း သိရသည်။

အဆိုပါ တပ်များတွင် တပ်မ ၂၂ ၊ ၄၄ နှင့် စကခ ၂ ၊ ၄ ၊ ၅ ၊ ရ ၊ ၈ ၊ ၁၀ ၊၁၉ ၊ ၂၁ စသည့်  ကွပ်ကဲမှုတပ်များပါ၀င်ပြီး တပ်ရင်းပေါင်း တစ်ရာကျော်ခန့်ရှိကြောင်း သိရသည်။

ကရင်လက်နက်ကိုင်များနှင့်ရင်ဆိုင်နေသည့် လက်ရှိ မြန်မာစစ်တပ်၏ အင်အားသည် ယခင်ထက်စာလျှင် တပ်မ ၂ ခုခန့် လျှော့နည်း နေကြောင်း တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“ကရင်နယ်မြေဘက်မှာ အဓိကကတော့ စကခတွေပဲများတယ် တပ်မ ၂၂ နဲ့ ၄၄ က ပုံမှန်ရှိတယ် တစ်ခုက ခါတိုင်းရှိတဲ့ တပ်မ ၆၆ နဲ့ ရ၇ ကတော့မပါဘူး ထုတ်ထားတဲ့သဘောရှိတာပေါ့ ခါတိုင်းထက် တပ်မ ၂ခုလောက်လျှော့နေတဲ့ သဘောပေါ့ ”

“တရုတ်နယ်စပ်ဘက် လိုရင်လည်းသုံးရအောင်ပေါ့ အရင်ဘင်္ဂလားနယ်စပ်ပြဿနာပေါ်ကတည်းက ထုတ်ထားတာလေ အဲဒီကတည်းက ပြန်မသွင်းတာ တစ်ခုလုံး လိုအပ်ချက်အရ ထုတ်ထားတာဖြစ်နိုင်တယ် ” လို့ သူက ပြောသည်။

လွန်ခဲ့သည့်နှစ်အတွင်းက သျှမ်းပြည်(မြောက်ပိုင်း)  ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက်ချိန်မှစ၍ အဆိုပါ ဒေသလုံခြံုရေးအတွက် မြန်မာ စစ်တပ်က တပ်မ ၃၃ နှင့် ၉၉ ကို ကိုးကန့်ဒေသတစ်ဝိုက်တွင် အမြဲတမ်းတပ်စွဲထား ရသည်။

မြန်မာစစ်တပ်၌ ပင်မမြေပြင်တိုက်ခိုက်ရေး တပ်မ ၁၀ ခုခန့် ရှိသည့်အနက် နောက်ထပ်ပြောင်းရွှေ့လှုပ်ရှားနိုင်သည့် တပ်မ အနေဖြင့် ၅ ခုခန့်သာရှိကြောင်း သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် ကရင့်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ လက်နက်ကိုင် တပ်ဖြစ်ပြီး ကရင်အမျိုးသားရပိုင်ခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။