စဝ်ယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် ကျိုင်းတုံစစ်ဒေသ နှင့် တြိဂံတိုင်းလက်အောက်ခံ စကခ ၁၈ နှင့် စကခ ၁၄ တို့အကြား ယခုလအတွင်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“လဆန်းပိုင်းက ဖြစ်တဲ့တိုက်ပွဲက နအဖ ဘက် သေကြေဒဏ်ရာရတဲ့သူတော်တော်များမယ်၊ ခမရ ၃၂၉ နဲ့ ခလရ ၂၄၄ တို့ စစ်ကူဖြည့်ပြီး ကား ၂ - ၃ စီးနဲ့ ဒဏ်ရာရသူတွေ အလောင်းတွေ ပြန်တင်လာတာ တွေ့ရ တယ်” - အမည် မဖေါ်လိုသည့် ဒေသခံ တဦးကပြောပါသည်။
ဧပြီ ၂၁ ရက်နေ့ မနက် ရ နာရီ မှ ၈ နာရီ အထိ မိုင်းဖြတ်အခြေစိုက် စကခ ၁၈ လက်အောက်ခံတပ်ရင်းနှင့် မိုင်းဆတ် အခြေစိုက် စကခ ၁၄ လက်အောက်ခံ တပ်ရင်း ၃-၄ ရင်း ပူးပေါင်းပြီး လားဟူပြည်သူ့စစ်နှင့်အတူရှေ့တန်း ထွက်ချိန် မိုင်းဆတ်မြို့မြောက်ဘက် ကီလိုမီတာ ၃၀ ကျော် မိုင်းကုတ်ကျေးရွာအုပ်စုအတွင်း သျှမ်းပြည် တပ်မတော် နှင့် တိုက်ပွဲ တနာရီကြာဖြစ်ပွားခဲ့၏။
“တိုက်ပွဲဖြစ်တဲ့ နှစ်နေရာစလုံးက မြေပြန့်လေ၊ တိုက်ပွဲပြီးတော့လဲ ၀င်ရောက်စစ်ဆေးဖို့က မလွယ်ဘူး၊ ပစ်ခတ် နေချိန် နအဖဘက်က လဲကျတာတွေ အများကြီး တွေ့ရတယ်၊ ဘယ်လောက်သေကြေလဲတော့မသိဘူး၊ ကျနော် တို့လူတယောက် ကျဆုံးတယ်၊ သိမ်းဆည်းရတဲ့ပစ္စည်းမရှိသလို ဆုံးရှုံးတာလဲမရှိဘူး”- ဟု SSA အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပသည်။
ထို့အတူ ဧပြီ ၄ ရက်နေ့ မွန်းတည့်ချိန်မှ မွန်းလွဲ ၁၄း၄၅ နာရီအထိ တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း၊ နအဖ စစ်တပ်ဘက် သေကြေဒဏ်ရာရသူ ဦးရေ အတိအကျမသိရှိရသော်လည်း တိုက်ပွဲနှစ်ခုစလုံး ရ-၈ ယောက် ထက်မနည်း (သို့မဟုတ်) ဆယ်ယောက်ကျော် ဒဏ်ရာရဖွယ်ရှိကြောင်း၊ သျှမ်းပြည်မတော်မတာ် (ကျိုင်းတုံစစ် ဒေသ) အမှတ် ၁ စစ်ဒေသ မှ တဦး ကျဆုံးကြောင်း အမည်မဖေါ်လိုသည့် အဆိုပါအရာရှိက အတည်ပြုပါသည်။
“နအဖ ဘက်က ခမရ ၃၂၈ ဗိုလ်ကြီးဖြိုးအောင် ဦးဆောင်တယ်၊ လားဟူ (မိုင်းဖြတ် - နမ့်ယုံး) ဂျဆေးဘို ပြည် သူ့စစ်က ဂျလားနဲ့ဂျဆီတို့ဦးဆောင် (ပူးပေါင်း) အင်အား ၆၀ ကျော်က နှစ်ဖွဲ့ခွဲပြီး SSA နယ်လှည့်တပ်ဖွဲ့ နောက်ယောင်ခံလိုက်လို့ တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲ ၂ နာရီကျော်ကြာတယ်ဆိုတော့ နအဖဘက်လဲ အများကြီး သေကြေ ဒဏ်ရာရတယ်”- ဟု ဒေသခံ ရွာသားနောက်တဦးကပြောပါသည်။
တိုက်ပွဲနှစ်ခုစလုံး၌ နအဖ စစ်တပ်ဘက်မှ ၈၁ မမ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟုလည်း သျှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်ဒေသ တပ်မှူး တဦးကပြောပါသည်။
အသွင်ပြောင်းရေး တနှစ်ပြည့်သည့်နေ့၌ ၀ တပ်ဖွဲ့လူအင်အားစာရင်းပေးပို့ရန် ဒက်လိုင်းပေးထားသည့်အတိုင်း နအဖက ဖိအားအကြိမ်ကြိမ်ပေးခဲ့သော်လည်း လက်မခံသော တောင်ပိုင်း ၀ တပ်ဖွဲ့အား ဖြတ်လေးဖြတ်ဖြင့် ဖြတ်တောက်ရန် ကြိုးပမ်း နေချိန် သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။