သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်ရှိ တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီအမျိုးမျိုး တင်ပို့ရောင်း ချမှုအား တာချီလိတ် နအဖ အာဏာပိုင်များ ပိတ်ပင်ထားသည်ဟု စုံစမ်းသိရှိရပါသည်။
“အခုဟာက ၀ တွေကိုဘဲ ပိတ်တာမဟုတ်ဘူး၊ ပြည်သူကတဆင့် ၀ တပ်ဖွဲ့တွေကို လောင်စာဆီရောင်းပေးလို့မရအောင် တားမြစ်ထားတာ၊ ပြည်သူပါခံရတာပေါ့”- ဟု တာချီလိတ်နေ ကုန်သည်တဦးကပြောပါသည်။
ဧပြီလဒုတိယပတ်မှစ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မျက်နှာချင်းဆိုင် သျှမ်းပြည်အရှေ့ပိုင်း တချီလိတ်မြို့မှ တောင် ဘက်ပိုင်း ၀ နယ်သို့ လောင်စာဆီအမျိုးမျိုး တင်ပို့မှုပိတ်ပင်ထားခြင်းနှင့် ပတ်သက်ပြီး ၀ အသိုင်းအဝိုင်း တဦး ကဤကဲ့သို့ပြောပြ ပါသည်။
“ဆီပုံးအကြီးစားတွေ မပြောနဲ့၊ ၆ ဂါလံ ပုံးတွေ ၂ ဂါလံခွဲပုံးတွေလဲ သယ်သွားလို့မရဘူး၊ အဓိက ကတော့ ၀ တပ်ဖွဲ့တွေ ခရီးသွားလာတဲ့နေရာမှာ၊ တပ်စခန်းပြင်ဆင် မွမ်းမံရာမှာ စက်ယန္တရားတွေ အသုံးမပြုနိုင်အောင် ပိတ်ပင်ထားတဲ့သဘော”
တောင်ပိုင်း ၀ နယ်မြေ
သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ တာချီလိတ်မြို့ပေါ်ရှိ အလယ်အလတ်တန်း ၀ အရာရှိများလည်း မိခင်တပ်စခန်းများသို့ ယခုလဆန်းပိုင်းမှစ၍ အသီးသီးပြန်သွားကြသည်ဟု တာချီလိတ်မြို့ခံက လည်းဤကဲ့သို့ ပြောပြပါသည်။
“အရင်တုန်းကတွေ့နေကျ ၀ အရာရှိတွေ အခုမတွေ့ရတော့ဘူး၊ တချို့က ဗမာတပ်နဲ့ တင်းမာလို့ သူတို့တပ်စခန်းပြန် သွားကြပြီပြောတယ်။ ဒါမှမဟုတ် မျက်နှာသိပ်မပြချင်တော့လို့ အိမ်မှာဘဲနေကြတာလဲဖြစ်နိုင်တယ်။ အခုတလော မတွေ့ရတာက ၁၀ ယောက် ကျော်ကျော်လောက်ရှိမယ်”
ယခင်က တာချီလိတ် - မိုင်းဆတ် (၆၃ မိုင်/၁၁၀ ကီလိုမီ) လမ်းပိုင်းတွင် ပုန်းထွန်၊ လွယ်တော်ခမ်း၊ မိုင်းတွန်း (မိုင်းတုန်း)၊ လွယ်ဆမ်ဆုံ၊ နမ့်ခုတ် (တံတား) နှင့် မိုင်းဆတ်အဝင်/ထွက်ဂိတ်တို့သာရှိပြီး မတ်ချ်နှောင်းပိုင်းမှစ၍ အဆိုပါဂိတ်များကြား၌ လမ်းကင်းတဲ အခု ၂၀ မကလည်း ချထားဆဲဖြစ်သည်ဟု ခရီးသွားများကပြောပြပါသည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးစတင်ခြင်း တနှစ်တင်းတင်းပြည့်သည့် ဧပြီ ၂၈ ရက်၌ အသွင်ပြောင်းမည့် တပ်အင်အား စာရင်းပေးပို့ခြင်းမရှိသည့် အပစ်ရပ်တပ်ဖွဲ့များအား ၁၉၈၉ မတိုင်မီ နှစ်များကဲ့သို့ ဥပဒေပြင်ပ အသင်းပြန်ဖြစ်သွားမည်ဟု နအဖ အဆင့်မြင့်ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ခြိမ်းခြောက်ထားသည်။