တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီတင်ပို့မှု ပိတ်ပင်

တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီတင်ပို့မှု ပိတ်ပင်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်ရှိ တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီအမျိုးမျိုး တင်ပို့ရောင်း ချမှုအား တာချီလိတ် နအဖ အာဏာပိုင်များ ပိတ်ပင်ထားသည်ဟု...

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်ရှိ တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီအမျိုးမျိုး တင်ပို့ရောင်း ချမှုအား တာချီလိတ် နအဖ အာဏာပိုင်များ ပိတ်ပင်ထားသည်ဟု စုံစမ်းသိရှိရပါသည်။

“အခုဟာက ၀ တွေကိုဘဲ ပိတ်တာမဟုတ်ဘူး၊ ပြည်သူကတဆင့် ၀ တပ်ဖွဲ့တွေကို လောင်စာဆီရောင်းပေးလို့မရအောင် တားမြစ်ထားတာ၊ ပြည်သူပါခံရတာပေါ့”- ဟု တာချီလိတ်နေ ကုန်သည်တဦးကပြောပါသည်။

ဧပြီလဒုတိယပတ်မှစ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မျက်နှာချင်းဆိုင် သျှမ်းပြည်အရှေ့ပိုင်း တချီလိတ်မြို့မှ တောင် ဘက်ပိုင်း ၀ နယ်သို့ လောင်စာဆီအမျိုးမျိုး တင်ပို့မှုပိတ်ပင်ထားခြင်းနှင့် ပတ်သက်ပြီး ၀ အသိုင်းအဝိုင်း တဦး ကဤကဲ့သို့ပြောပြ ပါသည်။

“ဆီပုံးအကြီးစားတွေ မပြောနဲ့၊  ၆ ဂါလံ ပုံးတွေ ၂ ဂါလံခွဲပုံးတွေလဲ သယ်သွားလို့မရဘူး၊ အဓိက ကတော့ ၀ တပ်ဖွဲ့တွေ ခရီးသွားလာတဲ့နေရာမှာ၊ တပ်စခန်းပြင်ဆင် မွမ်းမံရာမှာ စက်ယန္တရားတွေ အသုံးမပြုနိုင်အောင် ပိတ်ပင်ထားတဲ့သဘော”

တောင်ပိုင်း ၀ နယ်မြေ

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ တာချီလိတ်မြို့ပေါ်ရှိ အလယ်အလတ်တန်း ၀ အရာရှိများလည်း မိခင်တပ်စခန်းများသို့ ယခုလဆန်းပိုင်းမှစ၍ အသီးသီးပြန်သွားကြသည်ဟု တာချီလိတ်မြို့ခံက လည်းဤကဲ့သို့ ပြောပြပါသည်။

“အရင်တုန်းကတွေ့နေကျ ၀ အရာရှိတွေ အခုမတွေ့ရတော့ဘူး၊ တချို့က ဗမာတပ်နဲ့ တင်းမာလို့ သူတို့တပ်စခန်းပြန် သွားကြပြီပြောတယ်။ ဒါမှမဟုတ် မျက်နှာသိပ်မပြချင်တော့လို့ အိမ်မှာဘဲနေကြတာလဲဖြစ်နိုင်တယ်။ အခုတလော မတွေ့ရတာက ၁၀ ယောက် ကျော်ကျော်လောက်ရှိမယ်”

ယခင်က တာချီလိတ် - မိုင်းဆတ် (၆၃ မိုင်/၁၁၀ ကီလိုမီ) လမ်းပိုင်းတွင် ပုန်းထွန်၊ လွယ်တော်ခမ်း၊ မိုင်းတွန်း (မိုင်းတုန်း)၊ လွယ်ဆမ်ဆုံ၊ နမ့်ခုတ် (တံတား) နှင့် မိုင်းဆတ်အဝင်/ထွက်ဂိတ်တို့သာရှိပြီး မတ်ချ်နှောင်းပိုင်းမှစ၍ အဆိုပါဂိတ်များကြား၌ လမ်းကင်းတဲ အခု ၂၀ မကလည်း ချထားဆဲဖြစ်သည်ဟု ခရီးသွားများကပြောပြပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးစတင်ခြင်း တနှစ်တင်းတင်းပြည့်သည့် ဧပြီ ၂၈ ရက်၌ အသွင်ပြောင်းမည့် တပ်အင်အား စာရင်းပေးပို့ခြင်းမရှိသည့် အပစ်ရပ်တပ်ဖွဲ့များအား ၁၉၈၉ မတိုင်မီ နှစ်များကဲ့သို့ ဥပဒေပြင်ပ အသင်းပြန်ဖြစ်သွားမည်ဟု နအဖ အဆင့်မြင့်ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ခြိမ်းခြောက်ထားသည်။

Most read this week