ပြီးခဲ့သည့်စနေနေ့က ဧရာဝတီမြစ်ဆုံ ဗုံးပေါက်ကွဲမှုတွင် နအဖ ကိုယ်တိုင် လုပ်ကြံစီစဉ်ခြင်းဖြစ် နိုင်သည်ဟုအမည်မဖေါ် လိုသည့် KIA တပ်မှူးတဦးက ပြောပါသည်။
“၁၆ ရက်နေ့က KIO ဦးစီးကျင်းပတဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲမှာ KIO ရဲ့ရပ်တည်ချက်ကို လူထုကထောက်ခံ တယ်။ ဆို တော့ နအဖက မကျေနပ်လို့ တမင်လုပ်ကြံတာဘဲဖြစ်နိုင်တယ်။ ကျနော်တို့လက်ချက်တော့ လုံးဝ မဟုတ်ဘူး” - ဟု KIA တပ်မှူးတဦးပြောကြားခဲ့သည်။
စနေနေ့မနက်အစောပိုင်း ၀၂း၄၀ တွင် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း သတ်မှတ် ဧရိယာ အတွင်း ဗုံးဆက် တိုက် ပေါက်ကွဲခဲ့သည်။ ထောင်ထားသည့် ဗုံး ၃၇ လုံး ရှိပြီး ၂၅ လုံး ပေါက်ကွဲခဲ့သည်ဟု တရုတ်နယ်စပ်သတင်း က ပြောပါ သည်။
“ဗုံးပေါက်ကွဲမှုကြောင့် အေးရှားဝေါလ် ပိုင်ကား ၄ စီး၊ တရုတ်ပိုင် မိုးလေဝသ နဲ့ ဇလဗေဒ တိုင်းထွာရေး ဌာန ရဲ့ကား ၃ စီး မီးလောင်ပျက်စီးတယ်။ အေးရှားဝေါလ်ကုမ္ပဏီရဲ့ရုံးခန်းနဲ့ အလုပ်ရုံ - ၄ လုံး ပျက်စီးတယ်”- ဟု ဒေသခံများကပြော ပါသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများတွင် - ၁။ မြစ်ဆုံရေကာတာ တည်ဆောက်စီမံကိန်းအနီး ကျိန်ခန် ရှိ အေးရှား ဝေါလ် ကုမ္ပဏီ၊ ၂။ တရုတ်ပြည် မိုးလေဝသ ဇလဗေဒတိုင်းထွာရေးရုံး (မြစ်ဆုံနှင့် ၉ မိုင်အကွာ)၊ ၃။ ရေကာတာ ကြောင့်(ဧရာဝတီ မြစ် လက်တက်) လုံကာချောင်းဝ အနီးသို့ပြောင်းရွှေ့ခိုင်းခြင်းခံရသည့် အိမ်ခြေ ၅၀၀ အတွက်တည်ဆောက်ဆဲ ရွာသစ် စီမံကိန်း (ဒုက္ခသည် စခန်းစီမံကိန်း) မြစ်ဆုံအောက်ဘက် ၈ မိုင် အကွာ တို့ဖြစ်သည်။
“ရေကာတာကြောင့် ပြောင်းရွှေ့ခိုင်းတာက အိမ်ခြေက ၅၀၀ လောက်ရှိတယ်၊ သူတို့ဆောက်လုပ်ပေးထားတာ က ၄၀၀ လောက်ပဲ၊ အခုထိ မပြီးသေးဘူး၊ ဆောက်လုပ်နေတုန်း”- ဟု အဆိုပါဒေသခံက ပြော၏။
ကချင်သတင်းဌာန KNG က ဗုံးပေါက်ကွဲမှုတွင် လူ ၄ ယောက်သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ရေကာတည် ဆောက် ရေး တရုတ်ဝန်ထမ်း အယောက် ၃၀၀ ခန့်က မြစ်ကြီးနားမြို့သို့ ဘတ်စ်ကား ၄ စီးဖြင့် ပြောင်းရွေ့သွားသည် ဟုဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် KIA/KIO ခေါင်းဆောင်များ မြစ်ကြီးနားသို့ဆင့်ခေါ်ခံရ၍ မပခ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးက စုံစမ်းမေးမြန်းနေ သည်ဟုလည်း သိရှိရပါသည်။
ဧရာဝတီမြစ်ဆုံ (မေခ နှင့် မလိခဆုံဆည်းရာ) တွင် ရေကာတာတည်ဆောက်ရန် နအဖက တရုတ် နှင့် အေးရှား ဝေါလ်ကုမ္ပဏီ ဖက်စပ်လုပ်ကိုင်ခွင့်ပေးထားပြီး စီမံကိန်းပြီးဆုံးပါက လျှပ်စစ်ဓါတ်အား ၃၀၀ kw ထုတ်လုပ်နိုင်မည် ဟု ခန့်မှန်းထားသည်။
၎င်းစီမံကိန်းအား ကချင်လူမှုအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက (လုံးဝ) တည် ဆောက်ခြင်း မပြုလုပ်ရန် အကြိမ်ကြိမ်ဆန္ဒပြ ကန့်ကွက်ခဲ့သည်။ လက်သည်မပေါ်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော်လည်း စီမံကိန်း ရပ်နားမည်မဟုတ်ဘဲ ဆက်လက်တည်ဆောက်သွားမည်ဟု နအဖ အာဏာပိုင်များ ကပြောသည်။