ကချင်ပြည်နယ် ဗန်းမော်ထောင်တွင် ထောင်ဒဏ်နှစ် ရ၀ ကျော် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသူ မမာမာ ဦးသည် ခန္ဒာကိုယ်အရေပြားယားယံသည့် ဝေဒနာ ခံစားနေရကြောင်း မတ်လ ၂၅ ရက်နေ့ က ထောင်ဝင်စာပို့ ပြန်လာသည့် အသက် ရ၀ ကျော်အရွယ် အဖေဖြစ်သူ ဦးအုန်းမောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သမီးကို ထောင်ဝင်စာလာတွေ့တာ ဒါနဲ့ဆို နှစ်ခေါက်ရှိပြီဗျ သမီးကျန်းမာရေး အခြေအနေက တစ်ကိုယ်လုံး ယားယံ နေတယ် ကုတ်လို့ရှိရင် လက်နဲ့ရိုးရိုး ကုတ်လို့မရဘူး ဗူးခွံတွေဘာတွေနဲ့ အရေပြားလှန်အောင် ကုတ်ရ တယ် ” ဟု သူက ပြောသည်။
သူမထံတွင် ပင်ကို်မူလ သွေးယားရောဂါအခံ ရှိပြီး အနေအထိုင် အစားအသောက် ရာသီဥတု တစ်ခုခုမှားယွင်းမှု ရှိပါက တစ်ကိုယ်လုံး ယားယံလာတတ်ကြောင်း သူမ၏ဖခင်က ဆက်ပြောသည်။
လတ်တလော ဗန်းမော်ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အတန်အသင့် ကောင်းမွန်ပြီး မမာမာဦး၏ ယားယံမှု ဝေဒနာသက်သာစေရန်အတွက် ဆရာဝန်များနှင့် ပြသပေးရန် သက်ဆိုင်ရာထောင်ဝန်ထမ်းများထံ ပြော ကြားထားကြောင်း သူက ဆိုသည်။
“ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အနေအထားကတော့ မဆိုးပါဘူး သူတို့လည်း ဒီဆေးရုံဆရာဝန်ကြီး တွေနဲ့ပြ ပေးပါတယ် ကျွန်တော်လည်း ဆရာဝန်တွေနဲ့ ပြပေးဖို့ ပြောထားပါတယ် အခုတော့ နဲနဲသက်သာလာပြီလို့ ပြောလို့ရပါတယ် ” ဟု ဆိုသည်။
ယခုထောင်ဝင်စာတွေ့စဉ် အဖေတစ်ခု သမီးတစ်ခုဖြစ်သည့် သူမအနေဖြင့် ပြင်ပလောကသို့ ထွေထွေထူးထူး မှာကြား ခြင်းမရှိပဲ “အဖေ ကျန်းမာအောင် နေပါ အဖေ မသေနဲ့အုံး အဖေသေရင် ကျမထောင်ဝင်စာ မရတော့ဘူး” ဟု သာ ဖခင်အား မှာကြားခဲ့ကြောင်း သိရသည်။
အသက် ၈၀ ကျော်အရွယ်ရှိ ဦးအုန်းမောင်သည် ရန်ကုန်မှ ဗန်းမော်အထိ အဆင့်ဆင့်ခရီးဆက်ခဲ့ရသဖြင့်ဒယီးဒယိုင် ဖြစ်လျှက်ရှိကာ မောပန်းနွမ်းနယ်နေကြောင်း သိရသည်။
၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ကိုမင်းကိုနိုင် တို့နှင့်အတူ နိုင်ငံရေးလှုပ်ရှားမှုကြောင့် သူမသည် ၂၀၀ဂ ခုနှစ် သြဂုတ်လ ရ ရက်နေ့တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်၌ နအဖစစ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် အင်းစိန်ထောင်သို့ ပို့လိုက်ပြီး အင်းစိန်ထောင်အထူးတရားရုံးက နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် သူမအား ပုဒ်မ ၃၃ က နှင့် ပုဒ်မ ၆ တို့အပါအဝင် အမှု ၂၂ မှုဖြင့် ထောင်ဒဏ် ၆၅ နှစ် ပစ်ဒဏ်ချခဲ့သည်။
၂၀၀၉ ခုနှစ် နိူ၀င်ဘာလတွင် သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ၄ လ ၁၁ ရက်ထပ်မံပစ်ဒဏ် ချခဲ့ရာ စုစုပေါင်း နှစ် ရ၀ ကျော် ထောင်ကျ ခံနေရခြင်း ဖြစ်သည်။
သာယာဝတီထောင်မှ နိုဝင်ဘာ ၂၅ ရက်နေ့တွင် အင်းစိန်ထောင်သို့ ထပ်မံပြောင်းရွှေ့ခဲ့ပြီး ၂၆ ရက်နေ့တွင် မန္တလေးထောင် ၊ ၂၇ ရက်နေ့တွင် ဗန်းမော်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။