စစ်ကြောင်း၏ ပွိုင့်ထိုး မဖြစ်ဖို့ - တြိဂံတိုင်းမှူးထံ လားဟူပြည်သူ့စစ် တောင်းဆို

စစ်ကြောင်း၏ ပွိုင့်ထိုး မဖြစ်ဖို့ - တြိဂံတိုင်းမှူးထံ လားဟူပြည်သူ့စစ် တောင်းဆို
ယခုလ အတွင်း သျှမ်းပြည်တပ်မတော်နှင့် ဖြစ်သည့်တိုက်ပွဲတိုင်း နအဖ စစ်ကြောင်း၌ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ ပွိုင့်ထိုးပေး နေရသောကြောင့် - ‘နောက်နောင် နအဖ စစ်ကြောင်း၏ ပွိုင့်ထိုးအဖြစ် မထွက်ခိုင်းဖို့’-  လား ဟူပြည်သူ့စစ်တပ်ဖွဲ့က တြိဂံတိုင်းမှူးထံ...

ယခုလ အတွင်း သျှမ်းပြည်တပ်မတော်နှင့် ဖြစ်သည့်တိုက်ပွဲတိုင်း နအဖ စစ်ကြောင်း၌ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ ပွိုင့်ထိုးပေး နေရသောကြောင့် - ‘နောက်နောင် နအဖ စစ်ကြောင်း၏ ပွိုင့်ထိုးအဖြစ် မထွက်ခိုင်းဖို့’-  လား ဟူပြည်သူ့စစ်တပ်ဖွဲ့က တြိဂံတိုင်းမှူးထံ တောင်းဆိုလိုက်ပါသည်။

“ကျနော်တို့က ပြည်သူဘဲ၊ ရာနှုန်းပြည့်စစ်သားမှ မဟုတ်တာ၊ အခုဟာက စစ်ကြောင်း ကင်းလှည့်တိုင်း ရှေ့ပြေး (ပွိုင့်ထို) ခိုင်းနေတော့ မဖြစ်သေးပါဘူး၊ သူတို့ကိုယ်စား သေခိုင်းတဲ့သဘော” - ဟု မိုင်းဖြတ်မြို့နယ် လားဟူ အမျိုးသား တဦးက ပြောပါသည်။

ယခုလ ၁၆ ရက်မှ ၁၉ ရက်အထိ သုံးကြိမ်တိတိဖြစ်ပွားသော နအဖ စစ်ကြောင်းနှင့် သျှမ်းပြည်တပ်မတော် အမှတ် ၁ စစ်ဒေသ တိုက်ပွဲ၌ လားဟူပြည်သူ့စစ် တပ်ဖွဲ့ ကသာ ပွိုင့်ထိုးဖြစ်နေသဖြင့်  ထိုသို့ ပွိုင့်ဦးမထွက်ခိုင်းရန် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးထံ တောင်းဆိုခြင်းဖြစ်သည်။

“၁၉ ရက်နေ့တုန်းက မိုင်းဖြတ်မြို့နယ်  မိုင်းပတ် ကျေးရွာအုပ်စု နမ့်ပိန်းရွာ (ရွာပျက်) နားမှာ SSA နဲ့ ဖြစ်တဲ့ တိုက်ပွဲက လားဟူပြည်သူ့စစ်ပွိုင့်ထိုးပေးရလို့ တဦး အပြင်းအထန် ဒဏ်ရာရသွားတယ်။ ကံကောင်းလို့မသေ တာ” - ဟု အမည် မဖေါ်လိုသည့် လားဟူပြည်သူ့စစ်တဦးက အတည်ပြုပြောဆိုပါသည်။

အဆိုပါတိုက်ပွဲတွင် နအဖ စစ်တပ် ခမရ ၃၂၉ မိုင်းဖြတ် ဗိုလ်မှူး စိုးမြင့် ဦးဆောင်သည့် နယ်လှည့်စစ်ကြောင်း   အတွက် နမ့်ယုန်းပြည်သူ့စစ်တပ်ဖွဲ့ ဂျဆေးပိုက ပွိုင့်ထိုးပေးခဲ့ရသည်ဟု ဆို၏။

သျှမ်းပြည်တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တဦးကလည်း ယခုလအတွင်း နအဖ စစ်တပ်နှင့်တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား ခဲ့ကြောင်း၊ တိုက်ပွဲတိုင်း၌ လားဟူပြည်သူ့စစ်တပ်ဖွဲ့နှင့်သာ ပွဲဦးတွေ့ဆုံ တိုက်ခိုက်ရကြောင်း ဤကဲ့သို့ပြောပြ ပါသည်။

“လားဟူပြည်သူ့စစ်ကို သူတို့အစားသေကြေစေတဲ့သဘော၊ သျှမ်းပြည်သားအချင်းချင်း တိုက်ခိုက်သတ်ဖြတ် တာကိုဘဲ သူတို့က လိုလားတယ်”

မိုင်းဖြတ်မြို့နယ် အခြေစိုက် နမ့်ယုမ်း လားဟူပြည်သူ့စစ်တပ်ဖွဲ့သည် သံလွင်အရှေ့ခြမ်း၌ အင်အားအတောင့်တင်းဆုံး တဖွဲ့ဖြစ်သည်။

ယခုလ မိုင်းဖြတ်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများမှာ မတ် ၁၆ နှင့် ၁၇ ရက်နေ့က လွယ်ဆမ်ဆောက်တောင်ကြော ၌ နှစ်ကြိမ်၊ မတ် ၁၉ ရက် နမ့်ပိန်းရွာ (ရွာပျက်) ၌တကြိမ်ဖြစ်သည်။

ထို့အတူ မတ် ၁ ရက်နေ့ကလည်း သံလွင်အနောက်ခြမ်း မိုင်းပန်မြို့နယ် ၀မ့်မိုက်ကွမ်းရွာအနီး တိုက်ပွဲ၌ နအဖ တပ်သား ၃ ယောက်ကျဆုံးသကဲ့သို့ မတ်လ ၁၃ ရက် သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်အတွင်း တိုက်ပွဲ၌  ဗိုလ်မှူးတယောက် အပါအဝင် ဗမာစစ်သည် ၂၁ ယောက် သေသည်ဟု ဆို၏။