၁၀၅ မိုင်ကုန်သွယ်ရေးဇုံ အနီး ရွာ ၅ ရွာတွင် မြေသိမ်းယူခံရ

၁၀၅ မိုင်ကုန်သွယ်ရေးဇုံ အနီး ရွာ ၅ ရွာတွင် မြေသိမ်းယူခံရ
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် တာလုံ ၊ မန့်ညို့ ၊ မော့်တောင်းလုံ ၊ ဟိုတိန်းနှင့်မန့်ကာရွာများမှရွာသား များပိုင်ခြံ မြေများအား အာဏာပိုင်များက မတ်လ ၁ ရက်နေ့က စတင် သိမ်းယူခဲ့ကြောင်း...

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် တာလုံ ၊ မန့်ညို့ ၊ မော့်တောင်းလုံ ၊ ဟိုတိန်းနှင့်မန့်ကာရွာများမှရွာသား များပိုင်ခြံ မြေများအား အာဏာပိုင်များက မတ်လ ၁ ရက်နေ့က စတင် သိမ်းယူခဲ့ကြောင်းသိရသည်။

စီမံကိန်းတစ်ခု အတွက် အနံ အတောင် ၁၀၀၀ ခန့်နှင့် အလျား ၄ မိုင်ခန့် အကျယ်အဝန်းရှိ  မြေနေရာ သတ်မှတ် ရာတွင် တောင်ယာခြံ ၊ ပြောင်းခြံ ၊ လိမ္မော်ခြံနှင့် လူနေအိမ်များ အသိမ်းခံရကြောင်း ဒေသခံရွာသားတစ်ဦး ကသျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါ ကျေးရွာ ၅ ရွာသည် တရုတ် - မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မူစယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုံ အနီးရှိ ရွာစဉ်ဆက်ရက်များဖြစ်သည်။

ရွာစဉ် တောက်လျှောက်  အလျား ၄ မိုင်ခန့် ရှည်လျားခြင်းဖြစ်ပြီး ရွာနံဘေး တစ်လျှောက်တွင် လမ်းအူကြောင်း ကဲ့သို့ သတ်မှတ်မှုများ စတင် နေကြောင်း သိရသည်။

“လေယာဉ်ပျံကွင်း လား မီးရထားဘူတာရုံဆိုလား လုပ်မယ်လို့ ပြောနေတယ် အသိမ်းခံရတဲ့ မြေအတွက် တစ်ဧကကို ၃ ထောင်ပေးမယ်ပြောတယ် ဒါပေမဲ့မပေးသေးဘူး လောလောဆယ်တော့ သတ်မှတ်ထားတဲ့ အတိုင်း အလံတိုင်တွေ စိုက်ထားတယ် စိုက်ပျိုးထားတာတွေတော့ လုပ်လို့ရသေးတယ် ” ဟု သူကပြောသည်။

တာလုံကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ကချင်ပိုင်းနှင့် သျှမ်းပိုင်း နှစ်ပိုင်းရှိရာ ကချင်ပိုင်းမှ အိမ် ၄ လုံး သတ်မှတ် နယ်မြေအတွင်း ပါ၀င်ကြောင်း သိရသည်။

တရုတ် - မြန်မာ နှစ်နိုင်ငံ ဆက်သွယ်ရန် မီးရထားလမ်းဖေါက်လုပ်ရေး စီမံကိန်း ချမှတ်ထားရာ တရုတ်ဘက် အပိုင်းတွင် မူစယ်မြို့နှင့် ကီလိုမီတာ ၃၀၀ ကျော်ခန့်ဝေးသည့် ပေါင်းစန်းမြို့အထိ လမ်းအကြမ်း ဖေါက်လုပ်ပြီးစီး နေကြောင်း သိရသည်။

“တရုတ်ဘက်ကမီးရထားလမ်း ဖေါက်နေတာတော့ ပေါင်းစန်းမြို့အထိ အကြမ်းပြီးနေပြီ ရွှေလီနဲ့ဆို ကီလိုမီတာ ၃၀၀ ကျော် ဝေးသေးတယ် ၂၀၁၂ ခုနှစ်လောက်ဆို ဒီဘက်ရွှေလီအထိ ရောက်မယ်လို့သိရတယ် ” - ဟု တရုတ်နယ်စပ်မှ တရုတ်အရေးကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

မြန်မာဘက် အခြမ်းတွင်  လားရိူး မှ မူစယ် အထိ မီးရထားလမ်းဖေါက်မည်ဖြစ်သဖြင့် မီးရထားလမ်းအူကြောင်း သတ်မှတ် သည့် အနေအထား ဖြစ်ဖွယ်ရှိကြောင်း သူက ခန့်မှန်းသည်။

သို့သော် မည်သည့်စီမံကိန်းအတွက် အဆိုပါ ကျေးရွာအနီး မြေနေရာများသတ်မှတ် သိမ်းယူခဲ့သည်ကို အတိ အကျ မသိရသေးပေ။