မဲခေါင်မြစ် ရေခန်းခြောက်မှုကြောင့် မိုင်းလားမြို့ တကျော့ပြန် စည်ကား

မဲခေါင်မြစ် ရေခန်းခြောက်မှုကြောင့် မိုင်းလားမြို့ တကျော့ပြန် စည်ကား
မဲခေါင်မြစ်ရေ ခန်းခြောက်သဖြင့် တရုတ်ပြည် ၀င်ထွက်သည့် ကုန်စည်များ ကုန်းလမ်းခရီး ပြန်လည် အားထားလာခြင်းကြောင့် မိုင်းလားမြို့တကျော့ ပြန်လည် စည်ကားလာသည်ဟု ခရီးသွားများက ပြော ...

မဲခေါင်မြစ်ရေ ခန်းခြောက်သဖြင့် တရုတ်ပြည် ၀င်ထွက်သည့်ကုန်စည်များ ကုန်းလမ်းခရီး ပြန်လည် အားထားလာခြင်းကြောင့် မိုင်းလားမြို့တကျော့ ပြန်လည် စည်ကားလာသည်ဟု ခရီးသွားများက ပြောပြပါသည်။

မိုင်းလားမြို့တနေရာ“မဲခေါင်မြစ်ရေမြင့်ရင် သင်္ဘောတွေ သွားလာနိုင်တော့ ကုန်စည်တွေက ရေလမ်းကဘဲ ၀င်ထွက်တယ်လေ။ ကုန်သင်္ဘော တစင်းက မော်တော်ကား ၁၀ စီး ထက်မက ပိုတင်နိုင်တယ်၊ လောဝ် (လာအို) မှာဆို အယင်က တစ်လ အစင်း ၅၀ လောက် သွားလာနေတာ အခု တနေ့ ၅၀ စီး ထက်တောင်များမယ်”- ဟု မိုင်းလားဘက် အလည်သွား ရာမှယမန်နေ့ကပြန်ရောက် လာသူ ထိုင်းခရီးသွားတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၅ ရက် မိုင်းလားကိုယ်စားလှယ်အဖွဲ့နှင့် နအဖ ကိုယ်စားလှယ် ကျိုင်းတုံမြို့ တွေ့ဆုံဆွေးနွေးပွဲ၌ အပေါင်း လက္ခဏာမဆောင်သောကြောင့် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေနှင့် နအဖ စစ်တပ်ထိန်းချုပ်နယ်မြေ ကြားတာ့ပင်း နယ်ခြားဂိတ်၌ နှစ်ဘက်စစ်အင်အားအများအပြား ပြင်ဆိုင်ဖြည့်တင်းထားခဲ့၏။

သို့ရာတွင် တရက် နှစ်ရက်သာကြာပြီး အခြေအနေအားလုံးပုံမှန်ပြန်ဖြစ်လာကြောင်း မိုင်းလားမြို့တွင်း တွင်လည်း ၂၀၀၄ ခုနှစ်အလား ပြန်လည်စည်ကားလာကြောင်း ဒေသခံများကလည်းပြောပြပါသည်။

“အခု ကုန်ကား (၁၆ ဘီးကား) တွေ ဖြတ်တာက မိုင်းလား ကျိုင်းတုံ တာချီလိတ် လမ်းတခုထဲ မဟုတ်ဘူး၊ လောဝ် ဘက်ခြမ်း မော်ဟန် - ချိန်းခေါင်ဘက်လဲ အဲလိုဘဲ၊ မိုင်းလားဘက်ကတော့ စစ်ရေးတင်းမာမှုကြားထဲ ပြည်သူတွေစိုးရိမ် ကြောက်လန့်၊ မြို့အနေအထား ခြောက်ကပ်ရာကနေ အခုပြန်လည်စည်ကားလာတော့ သိသာတာပေါ့၊ မိုင်းလားမှာ ပိတ်ထားတဲ့ဆိုင်၊ ဧည့်မရှိတဲ့ တည်းခိုခန်းဆို မရှိသလောက်ဘဲ” - ဟု ဧည့်လမ်းညွှန် တဦးကလဲ ပြောပါသည်။

ထို့အတူ မိုင်းလားတပ်ဖွဲ့ပိုင် တုန့်လျှို့လောင်းကစားရုံ၊ ပြည့်တန်ဆာရပ်ကွက်တွင်လည်း လူစည်ကားပြည့်နှက် နေကြောင်း၊ ဧည့်သည် ၉၀% ကျော်က တရုတ်ပြည်သားများ ဖြစ်ကြကြောင်း၊ ကာစီနိုရုံတွင်းဝင်ရုံနှင့် ဧည့်ကြိုများက ‘၀ဲလ်ကမ်းထူချိုင်းနား’ ဟု အော်ဟစ်ကြိုဆိုကြကြောင်း အဆိုပါထိုင်းခရီးသွားက ပြောပြသည်။

“ကျနော်တို့တွေ့ရတာက မြို့ပေါ်အနေအထားလေ၊ မျက်ကွယ်မှာတော့ စစ်ရေးပြင်ဆင်မှုတွေရှိလား မရှိလားတော့ မသိဘူး၊ ဘန်ကာကျဉ်းဟောင်းတွေ မိုင်းလားဘက်ပြန်လည်ပြင်ဆင် တပ်ချတာရှိသလို ဗမာတပ်ဘက် ကတော့ ဘန်ကာ ကျဉ်းအသစ်တိုးချဲ့တာတွေ အများကြီးရှိတယ်။ လမ်းမပေါ်ကနေလှမ်းမြင်ရတဲ့နေရာတွေပေါ့” - မိုင်းလားဘက် မကြာခဏ ခရီးသွားလေ့ရှိသူတဦးက ပြောပါသည်။

မိုင်းလားမြို့တကျော့ပြန် စည်ကားလာခြင်းအားဖြင့် နအဖ အမှန်တကယ်အင်အားသုံးတိုက်ခိုက်မှု မပြုလို ကြောင်း၊ စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာအရ ခွန်ဆာတပ်ကဲ့သို့ သေနတ်တချက်မျှမဖေါက်ဘဲ အောင်ပွဲခံ လိုကြောင်း၊မိုင်းလား တပ်ဖွဲ့ အပျော်ကြူးစေပြီး အငိုက်ဖမ်းရန်လည်းဖြစ်နိုင်ကြောင်း၊ သို့တည်းမဟုတ် နအဖ အနေဖြင့် စစ်ရေးအရပြဿနာ မဖြေရှင်းရန် တရုတ် နှင့် ထိုင်းတို့မေတ္တာရပ်ခံထားခြင်းလည်းဖြစ်နိုင်ကြောင်း - နိုင်ငံရေးလေ့လာသူ သျှမ်းအမျိုးသား တဦးကလည်းပြောပြပါသည်။

မိုင်းလားမြို့သည် ဦးစိုင်းလင်းဦးဆောင်သည့်အဖွဲ့ ဗကပ မှခွဲ ထွက်ပြီး နအဖ စစ်အစိုးရနှင့် အပစ်ရပ်ကာ အမျိုးသားမဟာ မိတ်တပ်မတော် NDAA – ESS မိုင်းလားတပ်ဖွဲ့ ဖွဲ့စည်းပြီး ၁၉၈၉ မှ ယနေ့ အထိ ဒေသဖွံ့ဖြိုးရေး စွမ်း စွမ်းတမံလုပ် ဆောင်လာခဲ့ရာ ဒုတိယ ဟောင်ကောင်ဟု တင်စားခေါ်ဝေါ်ခံခဲ့ရသည်။ လွန်ခဲ့သည့် ၃-၄ နှစ် မှစ၍ မတည်ငြိမ်သည့် နိုင်ငံရေးကြောင့် မြို့အနေထားခြောက်ကပ်သွားပြီး ပြည်သူများလည်း စိုးရိမ်ထိပ်လန့် သည့်ကြားက အသက်ရှင်ခဲ့ရသည်။

ထို့အတူ မဲခေါင်မြစ်ရေသည်လည်း မိုးရာသီတွင် စိုးရိမ်ရေအမှတ်အထိ မြစ်ရေမြင့်တက်ခဲ့သော်လည်း ကမ္ဘာ့ရာ သီဥတု အပြောင်းအလဲကြောင့် လာမည့် ၁၀ နှစ် အတွင်းခန်းခြောက်နိုင်ဖွယ်ရှိသည်ဟု သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က ဟောကိန်းထုတ်ထားသည်။