သွင်းကုန် စည်းကြပ်ခွန် ပြင်ပ ငွေလဲနှုန်း ပေးရမည်

သွင်းကုန် စည်းကြပ်ခွန် ပြင်ပ ငွေလဲနှုန်း ပေးရမည်
တရုတ်နယ်စပ်မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေး လမ်းအတိုင်း တင်သွင်းသည့် သွင်းကုန် အားလုံး၏ စည်းကြပ်ခွန် စျေးနှုန်းကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှစ၍  အမေရိကန်ဒေါ်လာ ပြင်ပပေါက်စျေး အတိုင်း...

တရုတ်နယ်စပ်မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေး လမ်းအတိုင်း တင်သွင်းသည့် သွင်းကုန် အားလုံး၏ စည်းကြပ်ခွန် စျေးနှုန်းကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှစ၍  အမေရိကန်ဒေါ်လာ ပြင်ပပေါက်စျေး အတိုင်း ပေးဆောင်ရမည်ဖြစ်သည်။

ယခင်က သွင်းကုန် စည်းကြပ်ခွန်စျေးနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၄၅၀ သတ်မှတ်ထားပြီး ဇန်နဝါရီလ ၁ ရက် နေ့က ယာဉ်နှင့်စက်ယန္တရားအပိုပစ္စည်းများကို ပြင်ပငွေစျေးအတိုင်း ပေးဆောင်ရန် စတင်ပြောင်းလဲလိုက်သည်။

ယခုအခါ သွင်းကုန်အားလုံးကို ပြင်ပငွေစျေးအတိုင်း အခွန်ပေးဆောင်ရန် ထပ်မံသတ်မှတ်လိုက်ကြောင်း မူစယ် -နမ့်ခမ်း နယ်စပ် ကုန်သယ်များ အသင်းမှ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သွင်းကုန်အားလုံး Daily ပေါက်စျေးပေါ့ မနက်ဖြန်ကနေစဆောင်ရမှာပေါ့ ဒီနေ့ပေါက်စျေးက တစ်ဒေါ်လာ ၁၀၁၁ ကျပ် နေ့စဉ်အပြောင်းအလဲရှိမယ် ” လို့ သူက ပြောသည်။

“၁၀၅ မိုင်မှာ ဂျူတီဆောင်တဲ့ သွင်းကုန်အကုန်လုံးပေါ့ ပြင်ပပေါက်စျေးနဲ့ အခွန်ဆောင်ရမယ်  အရင်က တစ်ဒေါ် လာ ၄၅၀ သတ်မှတ်ထားတာလေ ဒီနေ့ငွေလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၀၁၁ ကျပ် နောက်နေ့ဘယ်လောက် ပြောင်းမလဲဆိုတာ မသိသေးဘူး ” လို့ နောက်ထပ် ၁၀၅ မိုင်ရှိ ကုန်သယ်တစ်ဦးက ပြောသည်။

မြန်မာကျပ်ငွေ (photo:taistars-travels.com)

ယာဉ်နှင့်စက်ယန္တရား အပိုပစ္စည်းများ အတွက် စည်းကြပ်ခွန်စျေးနှုန်းများ တိုးမြှင့်သတ်မှတ်ထားသော်လည်း တရားဝင်တင် သွင်းခွင့် လိုင်စင်များ ကျမလာသေးကြောင်းစောစောက အသင်းဝင် ကုန်သယ်က ပြောသည်။

“အဲလိုကောက်မယ်လို့ကြေငြာထားတာပဲ ရှိသေးတယ် ဘယ်သူမှ တစ်ထောင်နဲ့အကောက်ခံရတာ မရှိသေးဘူးလိုင်စင် မှ မကျသေးတာလိုင်စင်ကျပြီး ဂျူတီဆောင်ရတဲ့ အချိန်ကျမှ ကောက်တာလေ မော်တော် ဆိုင်ကယ်က လည်းလိုင်စင်မဲ့ပဲ သွားနေတာလေ ကျန်တဲ့ယန္တရားတွေကလည်း လိုင်စင်မှ မကျသေးတာ လျှောက်ထားကြတုန်း ရှိသေးတယ် တကယ် အလုပ်လုပ်မဲ့ ကုမ္ပဏီတွေဆိုရင်တော့ မြန်တယ် ပြန်ရောင်းစားမဲ့ ကုမ္ပဏီဆိုကြာတယ် တကယ်အလုပ်လုပ်တဲ့ကုမ္ပဏီ ကျတော့ လုပ်ငန်းမှာ လိုတယ်လေ သူ့ကိုတော့ ဦးစားပေးပေါ့ နိုင်ငံခြားက ၀ယ် သွင်းမယ် ရောင်းစားမယ်ဆိုတဲ့ဟာက တော့ ကြာတာပေါ့ ” လို့ သူက ဆိုသည်။

အမေရိကန်ဒေါ်လာ (photo:freefoto.com)

ယခုအခါ တရုတ်နယ်စပ်မှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ စက်အပိုပစ္စည်းများ ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အိမ်သုံးလူသုံး ပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ တင်သွင်းနေပြီး မြန်မာဘက်မှ ရာသီပေါ်သီးနှံများ တင်ပို့ နေကြောင်း သိရသည်။

ပြည်ပသွင်းကုန်များကို အမေရိကန်ဒေါ်လာဖြင့် အခွန်ဆောင်ရာတွင် ယခင်က တစ်ဒေါ်လာ ကျပ် ၄၅၀ ဖြင့် လဲလှယ်ရပြီး ယခု ပြင်ပ ပေါက်စျေးအတိုင်း လဲလှယ်ရသဖြင့် အကျိုးဆက်အနေဖြင့် ကုန်စျေးနုန်း မြင့်တက်လာ နိုင်ပြီး စားသုံးသူများ ထိခိုက်နိုင်ကြောင်း ကုန်သည် အသိုင်းအဝိုင်းက ပြောသည်။