တပ်တွင်းရံပုံငွေ အုတ်ဖို ရေဝင်၍ ရွာသားများ ဒဏ်ငွေ ပေးဆောင်ရ

တပ်တွင်းရံပုံငွေ အုတ်ဖို ရေဝင်၍ ရွာသားများ ဒဏ်ငွေ ပေးဆောင်ရ
စစ်တပ်နွေ စပါးစိုက်ပျိုးရေးအဖွဲ့ လယ်ရေသွင်းစဉ် ၎င်းတို့၏ တပ်တွင်းရံပုံငွေ အုတ်ဖိုထဲ ရေဝင်သွားသဖြင့် အနီး အနားရွာသားများထံမှ လျော်ကြေးပြန်တောင်းကြောင်း နယ်စပ်သတင်း ရပ်ကွက်က ပြော ...

စစ်တပ်နွေ စပါးစိုက်ပျိုးရေးအဖွဲ့ လယ်ရေသွင်းစဉ် ၎င်းတို့၏ တပ်တွင်းရံပုံငွေ အုတ်ဖိုထဲ ရေဝင်သွားသဖြင့် အနီး အနားရွာသားများထံမှ လျော်ကြေးပြန်တောင်းကြောင်း နယ်စပ်သတင်း ရပ်ကွက်က ပြောပါသည်။

“အုတ်ဖိုလဲစစ်တပ်ရဲ့အုတ်ဖိုဘဲ၊ နွေစပါးလုပ်တာလဲသူတို့တွေဘဲ။ မဆီမဆိုင်နဲ့ ရွာသားတွေဆီက လျော်ကြေး တောင်း တယ်၊ အားလုံးပေါင်းစုပေါင်းပြီးတော့ ကျပ် ၅ သိန်းကျော် ပေးလိုက်ရတယ်။ လုံးဝမတရားဘူးဗျာ”- ဟုမိုင်းပြင်းမြို့ ခံတဦးကပြောပါသည်။

ယခုလ ဆန်းပိုင်း၌ မိုင်းပြင်းမြို့အခြေစိုက် ခမရ ၅၂၈  တပ်တွင်း ရန်ပုံငွေ အုတ်လုပ်ငန်းခွင်အနီး၊ နွေစပါး စိုက်ပျိုး ရေးအဖွဲ့က လယ်ရေဖြည့်စဉ် အုတ်ဖိုအတွင်း ရေလျှံဝင်သွား၍ အုတ်ခဲအလုံး ၁၅၀ ကျော် (ကာလတန်ဖိုး ရ၅၀၀ ကျပ်) ပျက်ဆီးဆုံးရှုံးသွားခြင်းအပေါ်လျော်ကြေးအဖြစ် ဒေသခံများထံ တအိမ်ထောင်ကျပ် ၁၅၀၀ သုံးရက်အတွင်းပေးသွင်းရန် ဆင့်ဆိုသည်။

“ကျနော်တို့အုပ်စုက ၁၃ ရွာရှိတယ်။ တချို့ရွာက ၁၀ အိမ် ၁၅ အိမ်၊ အကြီးဆုံးရွာက ဟောင်ကန်ရွာမ အိမ်ခြေ ၁၀၀ ကျော်တယ်။ အိမ်ခြေ ၆၀ လောက်ရှိတဲ့ ယန်းပြင်းရွာက ဒုတိယအကြီးဆုံး၊ တအိမ် ၁၅၀၀ ကျပ် မပေးမနေ ရဆိုတော့ ဒီလ ၃ ရက်နေ့ကတည်းက အားလုံးစုပေးလိုက်ပြီ” - တာချီလိတ်ရောက် မိုင်းပြင်းဒေသခံဟောင်ကန်ရွာသားတဦး ကပြောပါသည်။

ခမရ ၅၂၈ တပ်၏တပ်တွင်းရံပုံငွေ အုတ်လုပ်ငန်း၊ နွေစပါး/မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် လယ် နှင့် မြေနေရာအား ဒေသခံများထံမှသိမ်းယူထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိုင်းပြင်းလေယာဉ်ကွင်းအတွက် လယ်မြေဧကပေါင်း ၁၀၀ ကျော်လည်း ဒေသခံများ၏ လယ်များကိုသိမ်းယူထားခြင်းဖြစ်ကြောင်း၊ လေယာဉ် ပြေးလမ်းအတွက်ကျောက်ကြမ်း ခင်းထားသည်မှာ ၃ နှစ်ရှိပြီဖြစ်သော်လည်း ယခုထိလေယဉ်ဆင်းတက်ခြင်း မရှိကြောင်း - မြို့ခံများကပြော၏။

မိုင်းပြင်းမြို့ မြောက်ဘက် တမိုင်အကွာ ဟောင်ကန် ကျေးရွာအုပ်စုတွင် ယန်းပြင်းရွာ၊ ယန်းခေ၊ ၀မ့်မွန်း၊ ၀မ့်ကန်၊ စံပြရွာ(၀မ့်ကောင်းမိုက်ခီ့)၊ ၀မ့်မက်၊ လွန်းစိုင်း(ဟောင်ကန်ရွာမ)၊ ဟိုခို၊ ဟွေ့စင်း၊ ၀မ့်မိုင်(၀မ့်ကောင်း) ၀မ်နောင်နှင့် ၀မ့်မိုင်နှိုင်းယုံ့ ဟူ၍ရှိ၏။ ဒေသခံများမှာလယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုကြသည်။