SSA အပစ်ရပ် ထိုးစစ်ဆင်မည့်သတင်းကြောင့် ဗမာတပ် မိသားစု ပြောင်းရွှေ့

SSA အပစ်ရပ် ထိုးစစ်ဆင်မည့်သတင်းကြောင့် ဗမာတပ် မိသားစု ပြောင်းရွှေ့
SSA အပစ်ရပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည်ဟူသောအကြောင်းပြချက်ဖြင့် သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ်  နအဖတပ်ရင်းအချို့သည် မိသားစုများအား လဲချား၊ တောင်ကြီးသို့ ၁၁-၁၂ ရက်နေ့များ၌ ပြောင်းရွှေ့ထားသည်ဟု နီးစပ်သည့်...

SSA အပစ်ရပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည်ဟူသောအကြောင်းပြချက်ဖြင့် သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ်  နအဖတပ်ရင်းအချို့သည် မိသားစုများအား လဲချား၊ တောင်ကြီးသို့ ၁၁-၁၂ ရက်နေ့များ၌ ပြောင်းရွှေ့ထားသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။

“ပြီးခဲ့တဲ့ ၂-၃ ရက် ဗမာတပ်က စစ်ယာဉ်တန်းနဲ့အတူ အနည်းဆုံး မိသားစု တစ်ဆယ်ကျော်တင်ပြီး လဲချား၊ တောင်ကြီး ဘက်ပို့လိုက်တယ်။ စစ်ဖြစ်လာရင် ၀န်ထုပ်ဝန်ပိုးမဖြစ်အောင်ပေါ့၊ အပစ်ရပ်  SSA က တိုက်ဖို့အလားအလာရှိတယ်ဆိုပြီး ဗမာတပ် ကဘဲ သတင်းဖြန့်ထားတာ ”- ဟု မိုင်းနောင် စစ်ဗျူဟာရုံးနှင့်နီးစပ်သည့် ဒေသခံတဦးက ပြောပြပါသည်။

အပစ်ရပ် SSA တပ်မှူးတစ်ဦးကမူ  နအဖနှင့်ထိုးစစ်ဆင်တိုက်ခိုက်ရန်မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနှင့် သာဖြေရှင်းလိုကြောင်း၊ သို့သော် စစ်အစိုးရ အင်အားသုံး နယ်ကျွံလာပါက   မိမိကိုယ်မိမိခုခံကာကွယ်ရမည် ဟုပြောပါ သည်။

ထို့အတူ ဇန်နဝါရီ  ၈ ရက်နေ့မှ ၁၁ ရက်အတွင်း မန္တလေးဘက်မှလာသော နအဖ စစ်ယာဉ်တန်း တရက်လျှင် ၁၅ စီးထက် မနည်းမြောက်ပိုင်းဘက်တက်သွားကြောင်း၊  ကွန်လုံ - ဟိုပန်ဘက်တက်သွားသကဲ့သို့ လားရှိုး၊ သိန္နီမြို့၊ ကွတ်ခိုင်မြို့နယ် အတွင်းတပ်ဖျောက် နေရာယူထားခြင်းလည်းရှိကြောင်း သျှမ်းပြည်မြောက်ပိုင်း စစ်ရေးလေ့လာသူတဦးက ပြောပါသည်။

“ ကျနော့်အမြင်ပြောရရင် တိုက်ပွဲဆင်နွဲဖို့မဖြစ်နိုင်သေးဘူး၊ စိတ်ဓါတ် စစ်ဆင်ရေးလုပ်တာဘဲ ဖြစ်နိုင်တယ်။ အင်အားပြ ခြိမ်းခြောက် တာဘဲဖြစ်နိုင်တယ်။ သူတို့ တကယ်တိုက်မယ်ဆိုရင် နေ့ဘက် စစ်ယာဉ်တန်းအလုံးအရင်းနဲ့သွားလေ့ မရှိဘူး၊ တခြားရည်ရွယ်ချက်လဲ ရှိနိုင်တယ်” - ဟုအခြား SSA တပ်ရင်းမှူးတဦးက ဆက်ပြောပြပါသည်။

ထို့အတူ တန်းယန်းမြို့နယ် မိုင်းကောဝ်အခြေစိုက် ခလရ ၃၃ တပ်ရင်းကလည်း ရိက္ခာအသင့် သိုလှောင်ထားသည် ဟု ၎င်းင်းတို့နှင့် နီးစပ်သည့် ကုန်သည်တဦး ဤကဲ့သို့ပြောပြပါသည်။

“မနှစ်တုန်းကဆို ဆန်မလောက်လို့ တရုတ်ဆန်ကုန်သည််ဆီကနေ ချေးစားတဲ့အဆင့်၊ ဒီနှစ်ဆို   ဆန်အိတ် ၃၀၀၀ ထက်မနည်း စုဆောင်းထားတာတွေ့ရတယ်။  ခိုးထုတ်ရောင်းတာတွေတောင်ရှိတယ်”- ဟု ဆို၏။

အပစ်ရပ် SSA ကို လက်ရှိနအဖ ဖမ်းဆီ်းချုပ်နှောင် ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ်ချထား သည့် ဗိုလ်ချုပ်ဆေထဲန့်က ဦး ဆောင်ပြီး ၁၉၈၉ ၌ အပစ်ရပ်ခဲ့သည်။ နယ်မြေစောင့်တပ်အဖြစ် ပြောင်းလဲရန် SSA မှလက်ခံခဲ့လျှင် ၎င်းတို့ခေါင်းဆောင် အား လွတ်ပေးမည်ဟူသော ကောဠာဟာလသတင်းနှင့် အတူ အင်အား ၁၀၀၀ အမြန်ဆုံး စာရင်းပေးသွင်းရန် နအဖ က    ဖိအားပေးနေသည်။

Most read this week