ကျိုင်းတုံဒေသခံ ဘိုးဘွားပိုင်လယ်မြေအမြောက်အများအား နေပြည်တော်အမိန့်ဖြင့် ကျိုင်းတုံမြို့ရှိ မြေတိုင်းရုံး က သိမ်းဆည်း လိုက်သည်ဟု ထိုင်းနယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။
ဒီဇင်ဘာ ၂၈ ရက် ကျိုင်းတုံမြို့မြေတိုင်း ဦးစီးမှူးတဦးက - နိုင်ငံတော် ပိုင်ဆိုင်သဖြင့် အချိန်မရွေး နေရာမရွေးရုပ်သိမ်း ပိုင်ခွင့် ရှိကြောင်း၊ နိုင်ငံတော်မှ ပေးသနား၍ ဒေသခံလူထု လယ်လုပ်ခွင့်ရခြင်းဖြစ်သဖြင့် နိုင်ငံတော်အလိုရှိချိန်ပြန်လည် ရုပ်သိမ်း ခြင်းဖြစ်ကြောင်း လယ်သမားများအားပြောပြီး ကန့်သတ်နယ်မြေအဖြစ် ရောင်စုံအလံစိုက်ထူသွားသည်ဟု လယ်သမားတဦး ကပြောပါသည်။
“လယ်သမား အယောက် ၃၀ ရဲ့ လယ်မြေတွေလေ၊ အားလုံးပေါင်း ဧက ၅၀ ကျော်တယ်။ ကျနော်တို့ ဘိုးစဉ်ဘေးဆက် လုပ်လာခဲ့တဲ့လယ်တွေ ။ အခု လယ်မရှိတော့ ဘာလုပ်စားရမှာလဲ။” - ဟု ၎င်းက ပြော၏။
လယ်ဧက အမြောက်အများအား နအဖ အာဏာပိုင်များ သိမ်းယူလိုက်ခြင်းအပေါ် - လူထုအခွင့်အရေး၊ လယ်သမားဆိုင် ရာအခွင့်အရေး၊ လျော်ကြေးရရှိရေးအတွက် တိုင်တန်းအရေးယူရန် အခက်တွေ့နေရသည်ဟု လယ်သမားနောက်တဦး က -
“တရားရုံးသွား အမှုလိုက်ရင်လဲ သူတို့ ပိုက်ဆံထပ်ညှစ်ဦးမယ်။ သူတို့ကို ပိုက်ဆံသွားပေးသလိုဖြစ်နေမယ်၊ ဘယ်လို ဘဲလုပ် လုပ် လယ်သမားတွေဘက်က အရှုံးဘဲ၊ ရုံးတွေဘာတွေလဲ သွားဖူးတာမဟုတ် ”- ဟု သျှမ်းသံတော် ဆင့်သို့ ပြော၏။
လယ်ယာမြေသိမ်းယူရခြင်းမှာ - ၁။ အသစ်တိုးချဲ့ဖေါက်လုပ်မည့် ရထားလမ်းသစ်ဖေါက်လုပ်ရန် နှင့် ၂။ အာရှ ၃ ကုမ္ပဏီ ( Asia 3 Company) ဟော်တယ်ဆောက်လုပ်ရန် နအဖ အာဏာပိုင်များက မြေကွက်ရောင်းလိုက်ခြင်း စသည့်သတင်းများ ထွက်နေကြောင်း ခေတ်ပညာတတ် လူငယ် ကျိုင်းတုံမြို့သားတဦးက ပြောပါသည်။
နအဖအာဏာပိုင်များ သိမ်းဆည်းလိုက်သည့် လယ်မြေသည် ကျိုင်းတုံ - တာချီလိတ် အထွက် ၀မ့်ပုံ နှင့် ယန်းလူးရွာနေ လယ်သမားများ၏ ဘိုးဘွားပိုင်လယ်မြေများဖြစ်သည်ဟု သိရပါသည်။
ထို့အတူ ဧပြီ ၂၅ ရက် ၂၀၀၉ က အနံပေ ၁၅၀၊ အလျား ပေ ၈၀၀၀ ထပ်မံ တိုးချဲ့သော လေယာဉ်ကွင်းမှာလည်း ဘိုးစဉ်ဘောင်ဆက်ကတည်းက နေထိုင်ကြသော ကိန်းလိတ်ရွာတစ်ရွာလုံး ဖျက်သိမ်းခံရပြီး၊ ရွာသားများအား ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၄ မိုင် ခန့်အကွာ ၀မ့်နောင် အနီး (၀မ့်ယန်းကုန်းရွာသားများထံမှ နအဖစစ်တပ်တို့သိမ်းယူခဲ့သော) လယ်ကွင်းပြင်သို့ ပြောင်းရွှေ့နေထိုင်ခိုင်းသည်ဟုဆိုပါသည်။ ထို့အပြင် လေယာဉ်ကွင်းပတ်ဝန်းကျင်ရှိ ၀မ့်ဖွေးဟုန်း၊ ၀မ့်ယန်းခွယ် ရွာသားများ၏ လယ်မြေ တော်တော်များများကိုလည်း အာဏာပိုင်များ သိမ်းယူခဲ့သည်ဟု ဆိုပါသည်။