ဗမာ့တပ်မတော် နှင့် ၀ ပြည်သွေးစည်းရေး တပ်မတော်တို့အကြား တိုက်ပွဲဖြစ်နိုင်ခြေအ လားအလာ ရာခိုင်နှုန်းများကြောင်း ၀ တပ်မှူးများ နှင့် ရင်းနှီးသည့် တောင်ပိုင်း SSA တပ်မှူးတဦးက ပြောပါသည်။
“ဗမာတပ်က အင်အားဖြည့်တယ်၊ တပ်စခန်းတွေ အကြီးအကျယ်ပြင်ဆင်တယ်ဆိုတော့ ဘယ်သူစိတ်ချမှာလဲ၊ တိုင်းရင်း သား တပ်တွေတော့ အင်အားလျှော့ခိုင်းတယ်၊ သူကျတော့ အရမ်းပြင်ဆင် ဖြည့်တင်းတယ်ဆိုတော့ မဟုတ်သေး ဘူးလေ” - ဟု ၀ ပြည်သွေး စည်းရေးတပ်မှူးတဦးက ပြောပါသည်။
အောက်တိုဘာလလယ်မှစ၍ တန့်ယန်းမြို့နှင့် မျက်နှာချင်းဆိုင် သံလွင်မြစ်အရှေ့ဘက်ခြမ်း လွယ်ပန်လုံ နအဖ တပ်စခန်း၌ အကြီးအကျယ် ပြင်ဆင်မှုလုပ်လာကြောင်း၊ လက်နက်အင်အား ထပ်မံဖြည့်တင်းပြီး တပ်လှန့်ထားကြောင်း၊ တန့်ယန်း၌ တိုက်ခိုက်ရေး ယန္တယားဖြစ်သည့် တင့်ကား နှင့် သံချပ်ကာကား ၁၀ စီးကျော်လည်း ချထားကြောင်း - ဆိုပါသည်။
“ဗမာတပ်ဘက်က ပြင်ဆင်မှုတွေလုပ်တော့ လွယ်ပန်လုံ (နအဖတပ်) မျက်နှာချင်းဆိုင် မန်းဆိုင်မြို့အနီး လွယ်ပန်ဇုန်က ၀ တပ်စခန်းလဲ စစ်ရေးပြင်ဆင်မှု လုပ်တာပေါ့။ မြေအောက်ကျင်းတွေတောင် ၀ ဘက်က တော်တော် တူးထားတယ်လို့ သတင်း ထွက်နေတယ်” - ဟု တန့်ယန်း မြို့ခံ ၀ နွယ်တဦးကပြောပါသည်။
ဗမာ့တပ်မတော်က စစ်အင်အား ဖြည့်တင်းသကဲ့သို့ ၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ကလည်းပန်ဆန်း ဌာနချုပ်၏ မြောက်ဘက်၊ အနောက်ဘက် နှင့် တောင်ဘက် ၁၅-၂၀ မိုင်အကွာ ၃ ဘက် ၃ တန်တွင် ခံတုတ်ကျဉ်းများ ခံတပ်စခန်းများ ပြင်ဆင်တိုးချဲ့ခြင်း၊ ပန်ဆန်းဌာနချုပ်သို့သွားရောက် အလုပ်လုပ်သည့် ရွေ့ပြောင်းအလုပ်သမား၏ ကိုယ်ရေးသမိုင်း စီစစ်ခြင်း၊ ထောက်ခံသူမရှိက နယ်ဝင်ခွင့် တားမြစ်ထားခြင်းတို့ ပြုလုပ်ကြောင်း သျှမ်းပြည်မြောက်ပိုင်း ခရီးသွားတဦးကပြော၏။
“တိုက်ပွဲဖြစ်ဖို့ ၈၀% သေချာတယ်” - ဟု ၀ တပ်မှူးအချို့က မိမိအား ယခင်တပတ်ကျော် ကတည်းကပြောကြောင်း အမည် မဖေါ်လိုသည့် SSA တပ်မှူးတဦးကပြော၏။ လူထုကြားတွင်လဲ ဒီကနေ့ (ဒီဇင်ဘာ ၂ ရက်) ဗမာ့တပ်မတော် က ၀နယ်မြေ ထဲ ထိုးစစ်ဆင် တိုက်ခိုက်တော့မည်ဆိုသည့် ကောဋ္ဌာဟာဋ္ဌ သတင်းများလည်းပျံ့လွှင့်နေသည်။
၀ခေါင်းဆောင်များ နှင့် ဗိုလ်ရဲမြင့်တို့ ၁၄/၁၁/၀၉ နေ့က တန့်ယန်း၌တွေ့ကြစဉ် နိုဝင်ဘာ၂၂ နောက်ဆုံးထား လူသူ လက်နက်စာရင်း ပေးပို့ရန်၊ ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် မဖြစ်မနေအသွင်ပြောင်းရန် သတိပေးခဲ့သော် လည်း ၀ တပ်ဖက်မှ တစုံတရာအကြောင်းပြန်ခြင်းမရှိ။ “ကျနော်တို့ရပ်တည်ချက်က အခုထက်ထိ အရင်အတိုင်းဘဲ၊ ဒီဇင် ဘာလကုန်လဲ ပြောင်းလဲမှာမဟုတ်ဘူး။” - ဟု ၀ အရာရှိ တဦးကပြော၏။
နအဖ မည်မျှပင် ဖိအားပေးစေကာမူ ၀ နှင့် မိုင်းလားတပ်ဖွဲ့တို့က အဖွဲ့အစည်းနာမည် ကိုသာပြောင်းရန်အားသန်ပြီး ‘ဗမာ့တပ်မတော်အရာရှိ ပါ၀င်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများချထားရေး၊ အခြားနေရာသို့ ၀ အရာရှိများသင်တန်း သွားတက်ရေး’ စသည့် အချက်များကို လက်မခံကြပေ။