သြဂုတ်လကုန်ပိုင်းက ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သျှမ်းပြည် (မြောက်ပိုင်း)ရှိ ငြိမ်းချမ်း ရေးအဖွဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ ထိန်းချုပ်နယ်မြေအနီးတဝိုက် တိုးချဲ့တပ်စွဲထားသော နအဖစစ်တပ် များ ပြန်လည် ရုပ်သိမ်းရန်ဝတပ်ဖွဲ့ ခေါင်းဆောင်များက တောင်းဆိုထားကြောင်း သိရသည်။
ယခုလ ၂၅ ရက်နေ့က ၀တပ်ဖွဲ့ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သော ဒုဥက္ကဌ ရှောက်မီလျှံ အထွေထွေ အတွင်း ရေးမှူး ပေါက်ယုံယိ စစ်ဦးစီးချုပ် ကျောက်ကော်ဝမ်းတို့သည် သျှမ်းပြည်(မြောက်ပိုင်း) လားရိူးမြို့ အခြေဆိုက်အ ရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ္ဋ်နှင့် လားရိူးမြို့၌ တွေ့ဆုံစဉ် ထိုသို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။
နှစ်ဘက်တွေ့ဆုံစဉ် ၀ခေါင်းဆောင်များက ၄င်းတို့နယ်မြေများအား ပိတ်ဆို့ထားသည့် တပ်များရုပ်သိမ်းပေးရန်နှင့်အကယ်၍ တပ်များဆက်လက်ထားရှိပါက နယ်ခြားစောင့်
တပ်အသွင်ပြောင်းလဲဖွဲ့စည်းရေးကိစ္စအား ဆက်လက်ဆွေးနွေးမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ၀တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
မကြာခင်ကာလအတွင်း တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ္ဋ် တာဝန်ပြောင်းရွေ့တော့မည် ဖြစ်သောကြောင့် ၀ခေါင်းဆောင်များက နူတ်ဆက်သည့်အနေဖြင့် သွားရောက်တွေ့ဆုံခဲ့ခြင်းသာဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်းလဲရေးကိစ္စ ဆွေးနွေးမှု တစ်စုံတစ်ရာတိုးတက် လာခြင်းမရှိသေးကြောင်း သူက ဆိုသည်။
နအဖမှ တိုင်းရင်းသားလက်နက်ကိုင်တပ်များအား နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် အောက်တိုဘာလ ကုန်နောက်ဆုံးထား အကြောင်းပြန်ရန် သတ်မှတ်ထားသော်လည်း ၀တပ်ဖွဲ့နှင့်နအဖကြား နယ်ခြားစောင့်ကိစ္စ ဆွေးနွေးမှုမှာ တိုးတက်မှုလမ်းစ မရှိသေးပဲဖြစ်နေသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စအား ၀တပ်ဖွဲ့မှ မူအားဖြင့်လက်ခံသော်လည်း ၄င်းတို့ ဘက်မှ နောင် ဖြစ်ပေါ်လာမည့် အစိုးရသစ်နှင့်မှ ဆွေးနွေးမည်ဆိုသည့် မူကို ဆက်လက်ဆုပ်ကိုင်ထားကြောင်းသိရသည်။
ယခုအခါ နအဖတပ်မ (၉၉)နှင့်တပ်ရင်း(၁၀)ရင်းသည် ၀တပ်ဖွဲ့နှင့်ကိုးကန့်ဒေသ စပ်ကြားနယ်မြေအနီး တဝိုက်ရှိ ဟိုပန် ပန်လုံ ဒေသများတွင် တပ်စွဲထားကာ ကိုးကန့်ဒေသတွင် တပ်မ ၃၃ စကခ (၁၆) တို့က ၀င်ရောက်လှုပ်ရှားလျှက်ရှိသည်။
ယခုလဆန်းပိုင်းက ထွက်ပေါ်ခဲ့သော သတင်းများအရ တပ်မ (၇၇) နှင့်တပ်မ (၈၈) တို့အား အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အရံတပ်ရင်းများအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။