ဂျူလိုင်လ နောက်ဆုံးပတ်က သျှမ်းပြည်အလယ်ပိုင်း ကျေးလက်အိမ်ခြေရာချီအား စစ်အစိုးရတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ အုပ်စုတခု၌ ကျပ်သန်းပေါင်း ရ၀၀ နီးပါးဆုံးရှုံးခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်က ပြောပါသည်။
“ဗမာစစ်သားတွေ ရွာတွေကိုမီးရှို့တော့ ကျနော်တို့ မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စုတခုထဲ သန်းပေါင်း ရ၀၀ နီးပါးဆုံးရှူံးခဲ့တယ်”- ဟု မိုင်းကိုင်မြို့ခေတ်ပညာတတ်လူငယ် တဦးက ပြောပါသည်။
အဆိုပါ ပုဂ္ဂိုလ်ပြောပြခဲ့သည့် စာရင်းအရ ကျေးလက်တောရွာများအား အစိုးရစစ်တပ် မီးရှို့ခဲ့ရာ- မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စုအတွင်း လူနေအိမ်ခြေ ၁၂၅ အိမ်၊ စပါးကြိတ်ခွဲစက် ၃ ရုံ၊ စပါးတင်းပေါင်း ၁၁,၈၁၂ တင်း၊ နွားလှည်း ၃၂ စင်း၊ မော်တော်ဆိုင်ကယ် ၆ စီး၊ ထော်လာဂျီအကြီးတစီး ဆုံးရှူံးကြောင်း၊ အဆိုပါစာရင်းထဲတွင် စစ်သားများ အဓမ္မ ဓါးပြတိုက်လုယူခဲ့သည့် ရွှေငွေများ မပါသေးကြောင်း ၎င်းက ပြောပါသည်။
“မီးရှို့ခံရတဲ့ ပစ္စည်းအားလုံးရဲ့ ကာလတန်ဖိုး ကျပ်ငွေ ၆၉၉,၄၂၀,၀၀၀ လောက်ရှိမယ်။ မီးလောင်နေတုန်းကိုယ်လွှတ်ရုန်း ထွက်ပြေးတဲ့ ရွာသားတဦးဆီက စစ်သားတွေ လုယူသွားတာ ရွှေထည် ၂ ကျပ်သား ငွေသား ရ သိန်း။တခြားလူတွေ ဆီကဓါးပြတိုက်ယူတာ အိမ်ပေါ်တက်ယူတာတို့ မပါသေးဘူး”- ဟု အဆိုပါလူငယ်က သျှမ်းသံတော်ဆင့်အားပြောပြ၏။
တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင် အမိန့်ပေး မီးရှို့ခိုင်းသည့် မိုင်းကိုင်မြို့နယ် ဟိုခိုင်း ကျေးရွာအုပ်စု (လားရှိုး - မိုင်းကိုင်လမ်းမပေါ်ရှိ ပန်ကေတုတိုက်နယ် အရှေ့မြောက်ဘက် ၅ မိုင်ခန့်) အားစံပြကျေးရွာ အဖြစ် တိုးမြင့်တည်ဆောက်ရန် တိုင်းမှူးက ပြန်လည်ညွှန်ကြားခဲ့သော်လည်း အထ မမြောက်ခဲ့ကြောင်း ဒေသခံဝန်ထမ်း တဦးက ဤကဲ့သို့ပြောပြ၏။
“ဒေသပြန်လည်ထူထောင်ရေး တာဝန်ကျတဲ့ ခမရ ၅၁၈ တပ်ရင်း ဒု - ဗိုလ်မှူးကြီးကျော်သူက ပက်စက် ကြမ်းကြုတ် တယ်၊ စည်ပင်အရာရှိနဲ့စကားများပြီး ထိုးကြိတ်တဲ့အဆင့်တောင်ရောက်တယ်။ မီးရှို့ခံရပြီးနောက်ပိုင်းမှာဘဲ အနဲဆုံး ၀န်ထမ်း နှစ်ယောက်တော့ သူ့လက်သီးစာမိပြီ၊ ၀န်ထမ်းအချင်းချင်းလဲ မတည့်ကြဘူး။ ဝေစုမတည့်တာ နေမှာပေါ့” - ဟုပြော၏။
မီးရှို့ခံရသည့် ဟိုခိုင်းကျေးရွာအုပ်စုအား စံပြကျေးရွာအဆင့်တိုးမြှင့်ရန် - တိုင်းစစ်ဗျူဟာ တခု၊ ဌာနဆိုင်ရာ (သစ်တော၊ တရားရုံး၊ စည်ပင်၊ လျှပ်စစ်၊ လဝက၊ ပညာရေး၊ ကျန်းမာရေး ့့့့့ ) ၁၅ ခု တိုးချဲ့ချထားရန် ဆောက် လုပ်ရေးအတွက် တောင်ကြီးမှ လက်သမား ၅၀၀ ခေါ်လာခဲ့သော်လည်း ထိုက်တန်သည့် လုပ်အားခ မပေးသော ကြောင့် အားလုံးနီးပါး ပြန်သွားကြပြီဖြစ်ကြောင်း ဆိုပါသည်။
“ဟိုခိုင်းကျေးရွာအုပ်စုမှာ မီးရှို့ခံရတဲ့ အိမ်ခြေ ၁၂၅ အိမ်စလုံးကို ပြန်ဆောက်ပေးမယ်ပြောပေမဲ့ အိမ်ပုံပေါ်တာ ၁၁ အိမ်ဘဲရှိသေးတယ်။ နေလို့ရတဲ့အဆင့်က ၁ အိမ်ဘဲ။ ကျန်တဲ့အိမ်တွေကိုတော့ ဒေသခံ တစ်အိမ်တယောက် ဆင့်ခေါ်ပြီး ဆက်ဆောက်ခိုင်းတယ်၊ သစ်ပါမစ်ရတဲ့သူတွေလဲ စစ်တပ်က သူတို့ကို ပိုက်ဆံ တပြားမှမပေးတော့ ဘယ်သူမှသစ်ဆက် မခုတ်ပေးချင်တော့ဘူး” - ဟု ပြောပြ၏။
ဂျူလိုင်လ ၂၇ ရက်မှ သြဂတ်စ် ၁ ရက်နေ့အထိ မိုင်းကိုင်မြို့နယ် နှင့် လဲချားမြို့နယ် တို့မှ ကျေးရွာ ၁၀ ရွာကျော်၊ အိမ်ခြေပေါင်း ၅၀၀ ကျော်ကို နအဖစစ်တပ် လဲချား ခလရ ၆၄ နှင့် ခမရ ၅၁၅ ၊ လွိုင်လင် ခလရ ၉ နှင့် ၁၂ ၊ မိုင်းကိုင် ခမရ ၅၁၃ ၊ ၅၁၅ ၊ ၅၁၈ တို့က မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကျေးရွာပေါင်း ၃၉ ရွာကိုလည်း နေရပ်ရင်းမှ အဓမ္မမောင်းထုတ် ပြောင်းရွှေ့ခိုင်းခဲ့သည်။ ကျေးရွာမီးရှို့မှုကြောင့် မိုင်းနောင်ခြေစိုက် အမှတ် ၂ စကခမှူး ဗိုလ်မှူးကြီးကျော်ဇံမြင့်ကိုလည်း သတင်းမှန်ပေါက်ကြားမှုကြောင့် အစိုးရအားအသရေဖျက်မှုနှင့်အတူ အခြားပြစ်မှုပေါင်းများစွာဖြင့် စစ်ခုံရုံးသို့ တရားစွဲ ဆိုခံထားရဆဲဖြစ်သည်။ တိုက်ရိုက်အမိန့်ပေး ညွှန်ကြားသူ တောင်ကြီး တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်မှာမူ ပြစ်မှုအားလုံးမှ ကင်းလွှတ်ခဲ့သည်။