မီးရှို့ခံရသည့် သျှမ်း/အလယ်မှ အုပ်စုတခု သန်းပေါင်း ရ၀၀ နီးပါးဆုံးရှုံး

မီးရှို့ခံရသည့် သျှမ်း/အလယ်မှ အုပ်စုတခု သန်းပေါင်း ရ၀၀ နီးပါးဆုံးရှုံး
ဂျူလိုင်လ နောက်ဆုံးပတ်က သျှမ်းပြည်အလယ်ပိုင်း ကျေးလက်အိမ်ခြေရာချီအား စစ်အစိုးရတပ်က မီးရှို့ ဖျက်ဆီးခဲ့ရာ အုပ်စုတခု၌ ကျပ်သန်းပေါင်း ရ၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်း ...

ဂျူလိုင်လ နောက်ဆုံးပတ်က သျှမ်းပြည်အလယ်ပိုင်း ကျေးလက်အိမ်ခြေရာချီအား စစ်အစိုးရတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ အုပ်စုတခု၌ ကျပ်သန်းပေါင်း ရ၀၀ နီးပါးဆုံးရှုံးခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်က ပြောပါသည်။

“ဗမာစစ်သားတွေ ရွာတွေကိုမီးရှို့တော့ ကျနော်တို့ မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စုတခုထဲ သန်းပေါင်း ရ၀၀ နီးပါးဆုံးရှူံးခဲ့တယ်”- ဟု မိုင်းကိုင်မြို့ခေတ်ပညာတတ်လူငယ် တဦးက ပြောပါသည်။

အဆိုပါ ပုဂ္ဂိုလ်ပြောပြခဲ့သည့် စာရင်းအရ ကျေးလက်တောရွာများအား အစိုးရစစ်တပ် မီးရှို့ခဲ့ရာ- မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စုအတွင်း လူနေအိမ်ခြေ ၁၂၅ အိမ်၊ စပါးကြိတ်ခွဲစက် ၃ ရုံ၊ စပါးတင်းပေါင်း ၁၁,၈၁၂ တင်း၊ နွားလှည်း ၃၂ စင်း၊ မော်တော်ဆိုင်ကယ် ၆ စီး၊ ထော်လာဂျီအကြီးတစီး ဆုံးရှူံးကြောင်း၊ အဆိုပါစာရင်းထဲတွင် စစ်သားများ အဓမ္မ ဓါးပြတိုက်လုယူခဲ့သည့် ရွှေငွေများ မပါသေးကြောင်း ၎င်းက ပြောပါသည်။

“မီးရှို့ခံရတဲ့ ပစ္စည်းအားလုံးရဲ့ ကာလတန်ဖိုး ကျပ်ငွေ ၆၉၉,၄၂၀,၀၀၀ လောက်ရှိမယ်။ မီးလောင်နေတုန်းကိုယ်လွှတ်ရုန်း ထွက်ပြေးတဲ့ ရွာသားတဦးဆီက စစ်သားတွေ   လုယူသွားတာ  ရွှေထည် ၂ ကျပ်သား ငွေသား ရ သိန်း။တခြားလူတွေ ဆီကဓါးပြတိုက်ယူတာ အိမ်ပေါ်တက်ယူတာတို့ မပါသေးဘူး”- ဟု အဆိုပါလူငယ်က သျှမ်းသံတော်ဆင့်အားပြောပြ၏။

တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင် အမိန့်ပေး မီးရှို့ခိုင်းသည့် မိုင်းကိုင်မြို့နယ် ဟိုခိုင်း ကျေးရွာအုပ်စု (လားရှိုး - မိုင်းကိုင်လမ်းမပေါ်ရှိ ပန်ကေတုတိုက်နယ် အရှေ့မြောက်ဘက် ၅ မိုင်ခန့်) အားစံပြကျေးရွာ အဖြစ် တိုးမြင့်တည်ဆောက်ရန် တိုင်းမှူးက ပြန်လည်ညွှန်ကြားခဲ့သော်လည်း အထ မမြောက်ခဲ့ကြောင်း ဒေသခံဝန်ထမ်း တဦးက ဤကဲ့သို့ပြောပြ၏။

“ဒေသပြန်လည်ထူထောင်ရေး တာဝန်ကျတဲ့ ခမရ ၅၁၈ တပ်ရင်း ဒု - ဗိုလ်မှူးကြီးကျော်သူက ပက်စက် ကြမ်းကြုတ် တယ်၊ စည်ပင်အရာရှိနဲ့စကားများပြီး ထိုးကြိတ်တဲ့အဆင့်တောင်ရောက်တယ်။ မီးရှို့ခံရပြီးနောက်ပိုင်းမှာဘဲ အနဲဆုံး ၀န်ထမ်း နှစ်ယောက်တော့  သူ့လက်သီးစာမိပြီ၊ ၀န်ထမ်းအချင်းချင်းလဲ မတည့်ကြဘူး။ ဝေစုမတည့်တာ နေမှာပေါ့” - ဟုပြော၏။

မီးရှို့ခံရသည့် ဟိုခိုင်းကျေးရွာအုပ်စုအား စံပြကျေးရွာအဆင့်တိုးမြှင့်ရန် - တိုင်းစစ်ဗျူဟာ တခု၊ ဌာနဆိုင်ရာ (သစ်တော၊ တရားရုံး၊ စည်ပင်၊ လျှပ်စစ်၊ လဝက၊ ပညာရေး၊ ကျန်းမာရေး ့့့့့  ) ၁၅ ခု တိုးချဲ့ချထားရန် ဆောက် လုပ်ရေးအတွက် တောင်ကြီးမှ လက်သမား ၅၀၀ ခေါ်လာခဲ့သော်လည်း ထိုက်တန်သည့် လုပ်အားခ မပေးသော ကြောင့် အားလုံးနီးပါး ပြန်သွားကြပြီဖြစ်ကြောင်း ဆိုပါသည်။

“ဟိုခိုင်းကျေးရွာအုပ်စုမှာ မီးရှို့ခံရတဲ့ အိမ်ခြေ  ၁၂၅ အိမ်စလုံးကို ပြန်ဆောက်ပေးမယ်ပြောပေမဲ့ အိမ်ပုံပေါ်တာ ၁၁ အိမ်ဘဲရှိသေးတယ်။ နေလို့ရတဲ့အဆင့်က ၁ အိမ်ဘဲ။ ကျန်တဲ့အိမ်တွေကိုတော့ ဒေသခံ တစ်အိမ်တယောက် ဆင့်ခေါ်ပြီး ဆက်ဆောက်ခိုင်းတယ်၊ သစ်ပါမစ်ရတဲ့သူတွေလဲ စစ်တပ်က သူတို့ကို ပိုက်ဆံ တပြားမှမပေးတော့ ဘယ်သူမှသစ်ဆက် မခုတ်ပေးချင်တော့ဘူး” - ဟု ပြောပြ၏။

ဂျူလိုင်လ ၂၇ ရက်မှ သြဂတ်စ် ၁ ရက်နေ့အထိ မိုင်းကိုင်မြို့နယ် နှင့် လဲချားမြို့နယ် တို့မှ ကျေးရွာ  ၁၀ ရွာကျော်၊ အိမ်ခြေပေါင်း ၅၀၀ ကျော်ကို နအဖစစ်တပ် လဲချား ခလရ ၆၄ နှင့် ခမရ ၅၁၅ ၊ လွိုင်လင်  ခလရ ၉ နှင့် ၁၂ ၊ မိုင်းကိုင် ခမရ ၅၁၃ ၊ ၅၁၅ ၊ ၅၁၈  တို့က  မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကျေးရွာပေါင်း ၃၉ ရွာကိုလည်း နေရပ်ရင်းမှ အဓမ္မမောင်းထုတ် ပြောင်းရွှေ့ခိုင်းခဲ့သည်။ ကျေးရွာမီးရှို့မှုကြောင့် မိုင်းနောင်ခြေစိုက် အမှတ်  ၂ စကခမှူး ဗိုလ်မှူးကြီးကျော်ဇံမြင့်ကိုလည်း သတင်းမှန်ပေါက်ကြားမှုကြောင့်  အစိုးရအားအသရေဖျက်မှုနှင့်အတူ အခြားပြစ်မှုပေါင်းများစွာဖြင့် စစ်ခုံရုံးသို့ တရားစွဲ ဆိုခံထားရဆဲဖြစ်သည်။ တိုက်ရိုက်အမိန့်ပေး ညွှန်ကြားသူ တောင်ကြီး တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်မှာမူ ပြစ်မှုအားလုံးမှ ကင်းလွှတ်ခဲ့သည်။