ဂျွန်လမကုန်မီ နအဖထံ တရားဝင် အဖြေပေးရေးအတွက် ဝ ခေါင်းဆောင်များ၏ ဆန္ဒ ရပ်တည်ချက်ချမှတ်

ဂျွန်လမကုန်မီ နအဖထံ တရားဝင် အဖြေပေးရေးအတွက် ဝ ခေါင်းဆောင်များ၏ ဆန္ဒ ရပ်တည်ချက်ချမှတ်
အပစ်ရပ်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် UWSA ပန်ဆန်းဌာနချုပ်မှ လက်မခံနိုင်ကြောင်း ဗိုလ်ချုပ်ကြီးရဲမြင့်ထံ တိုက်ရိုက် အကြောင်းပြန်လိုက်ပြီး နောက်ပိုင်း ထို့ထက် တိကျသော ဆုံးဖြတ်ချက်များ ချမှတ် ...

အပစ်ရပ်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် UWSA ပန်ဆန်းဌာနချုပ်မှ လက်မခံနိုင်ကြောင်း ဗိုလ်ချုပ်ကြီးရဲမြင့်ထံ တိုက်ရိုက် အကြောင်းပြန်လိုက်ပြီး နောက်ပိုင်း ထို့ထက် တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ဝ ခေါင်းဆောင်/အရာရှိ/တပ်မှူးများ ထပ်မံ ဆွေးနွေးပြီး ဆန္ဒသဘောထား ကောက်ခံမှုပြု လုပ်ခဲ့ကြောင်း နယ်စပ်သတင်း ရပ်ကွက်ကဆိုသည်။

“မေ ၂၆-၂၇ တုန်းက ထိပ်ပိုင်းခေါင်ဆောင်တွေ အထက်အရာရှိတွေ၊ ဌာနကြီးမှူး၊ တပ်မှူးတွေ ပန်ဆန်းဌာနချုပ်မှာ ဆွေးနွေး ပွဲထပ်လုပ်တယ်။ မေလ ၂ဝ ရက် ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ တိုက်ရိုက်အကြောင်း ပြန်လိုက်တဲ့နောက်ပိုင်း နအဖရုံးချုပ်ဆီနောက် ထပ်တရားဝင်ပြန်ကြားဖို့ ထပ်မံသဘောတူညီမှုချမှတ်တာဘဲ” ဟုအစည်းဝေးတက်ရောက် ခဲ့ရသူ အရာရှိတဦးကပြောပြ၏။

ထိုတွေ့ဆုံဆွေးနွေးပွဲမှ -

(၁) ဂျွန်လနောက်ဆုံးထား၍ စစ်အစိုးရထံ လူသူလက်နက်စာရင်း နှင့် ပင်စင်ယူမည့်အသက် ၅ဝ ကျော်အရာရှိများ စာရင်း အကြောင်းပြန်ရေးကိစ္စ။

(၂) လက်ရှိနိုင်ငံရေး ရေစီးကြောင်းနှင့်ကိုက်ညီမည့် ပြတ်သားသောမူဝါဒလမ်းစဉ်ကိုင်စွဲရန်နှင့်လူသူလက်နက်အင်အား ဖြည့်တင်းထားရေးကိစ္စ။

(၃) တိကျသောသဘောတူညီမှုမရသေးဘဲ နှင့် စစ်အစိုးရဘက်မှ အပစ်ရပ်များအတွက် တပ် ပြန်ဖွဲ့ခိုင်းရန်၊ စစ်သင်တန်းကျောင်းဆိုင်ရာ ပြင်ဆင်ထားသည့်ကိစ္စ - စသည့်အကြောင်းအရာ များဆွေးနွေးခဲ့သည်ဟု ထိုအရာရှိက ဆက်ပြောပြပါသည်။

ဝ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ရင်းနှီးသည့်လားရှိုးကုန်သည်တဦးက- “သူတို့ဆွေးနွေးတဲ့အထဲမှာ - ၂ဝ၁ဝ ရွေးကောက် ပွဲကနေ အစိုးရပေါ်ထွက်လာပြီးမှသာ တပ်အသွင်ပြောင်းရေးလုပ်/မလုပ်ကို အဲဒီအချိန်ကျမှယတိပြတ် ဆုံးဖြတ်နိုင်မယ် ဆိုတဲ့ကိစ္စပါနိုင်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

၎င်းဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ကြသည့် (အလယ်အလတ် နှင့် အထက်) ဝ အရာရှိ အရာခံ ရ၅% က -စစ်အစိုး ၏ အပြောနှင့် အလုပ်မညီမှုအပေါ် ယုံကြည်၍မရကြောင်း၊ မိမိတို့ဖက်မှဦးစွာတိုက်ခိုက်ရန်အတတ်နိုင်ဆုံးအောင့်အီး ရှောင်ရှား သွားမည်ဖြစ်သော်လည်း စစ်ရေးအရ အဆင့်သင့် ဖြည့်တင်းပြင်ဆင်ထားခြင်းကအကောင်းဆုံးရွေးချယ် စရာလမ်းဖြစ်ကြောင်း၊ အသက်နှင့်လဲပြီး မိမိတို့၏အမျိုးသားနယ်မြေကာကွယ်သွားမည်ဖြစ်ကြောင်းတခဲနက်သဘော တူ ဆန္ဒဖေါ်ထုတ် ကြသည်ဟု ဆိုသည်။

အမည်မဖေါ်လိုသည့် အခြား ဝ တပ်မှူးတဦးကလည်း - “လက်ခံသဘောတူချက်မရသေးဘဲနဲ့ စစ်အစိုးရဘက်က ကျနော် တို့အတွက် သင်တန်းပေးဖို့ ဗထူး၊ တန့်ယန်း နဲ့ ကျိုင်းတုံမြို့မှာ သင်တန်းကျောင်း(အပစ်ရပ်တပ်ဖွဲ့ဝင်တွေ အတွက် သီးသန့် သင်တန်းကျောင်း) ပြင်ဆင်ထားတဲ့ ကိစ္စကနည်းလမ်းမကျပါဘူး” - ဟုဆို၏။

ထိုသင်တန်းကျောင်းက အပစ်ရပ်အရာရှိ/တပ်မှူးများအား ကျန်းမာရေး၊ အရပ်အမောင်း၊ အသက်အရွယ်၊ပညာရေး ပိုင်း အကြောင်းရှာပြီး စစ်အစိုးရ အလိုမရှိသူများအား အဆင့်မမှီ/ပယ်စာရင်းနည်းလမ်းဖြင့်တယောက်ပြီးတယောက် ပယ်ထုတ် နိုင်ဖွယ်ရှိကြောင်း၊ စစ်အစိုးရ၏ ရည်မှန်းချက်စီမံချက် နောက်ကွယ်တွင် ရိုးသား မျှတတန်းတူမှုကင်းမဲ့နေ သောကြောင့် လျှော့တွက်၍မရကြာင်း၊ ၎င်းတို့၏ ခြောက်တခါချော့တလှည့် ထောင်ခြောက်ကို အထူးသတိထားရမည် ဖြစ်ကြောင်းလည်း ထိုတပ်မှူးကဆက်ပြောပြပါသည်။