အပစ်ရပ်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် UWSA ပန်ဆန်းဌာနချုပ်မှ လက်မခံနိုင်ကြောင်း ဗိုလ်ချုပ်ကြီးရဲမြင့်ထံ တိုက်ရိုက် အကြောင်းပြန်လိုက်ပြီး နောက်ပိုင်း ထို့ထက် တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ဝ ခေါင်းဆောင်/အရာရှိ/တပ်မှူးများ ထပ်မံ ဆွေးနွေးပြီး ဆန္ဒသဘောထား ကောက်ခံမှုပြု လုပ်ခဲ့ကြောင်း နယ်စပ်သတင်း ရပ်ကွက်ကဆိုသည်။
“မေ ၂၆-၂၇ တုန်းက ထိပ်ပိုင်းခေါင်ဆောင်တွေ အထက်အရာရှိတွေ၊ ဌာနကြီးမှူး၊ တပ်မှူးတွေ ပန်ဆန်းဌာနချုပ်မှာ ဆွေးနွေး ပွဲထပ်လုပ်တယ်။ မေလ ၂ဝ ရက် ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ တိုက်ရိုက်အကြောင်း ပြန်လိုက်တဲ့နောက်ပိုင်း နအဖရုံးချုပ်ဆီနောက် ထပ်တရားဝင်ပြန်ကြားဖို့ ထပ်မံသဘောတူညီမှုချမှတ်တာဘဲ” ဟုအစည်းဝေးတက်ရောက် ခဲ့ရသူ အရာရှိတဦးကပြောပြ၏။
ထိုတွေ့ဆုံဆွေးနွေးပွဲမှ -
(၁) ဂျွန်လနောက်ဆုံးထား၍ စစ်အစိုးရထံ လူသူလက်နက်စာရင်း နှင့် ပင်စင်ယူမည့်အသက် ၅ဝ ကျော်အရာရှိများ စာရင်း အကြောင်းပြန်ရေးကိစ္စ။
(၂) လက်ရှိနိုင်ငံရေး ရေစီးကြောင်းနှင့်ကိုက်ညီမည့် ပြတ်သားသောမူဝါဒလမ်းစဉ်ကိုင်စွဲရန်နှင့်လူသူလက်နက်အင်အား ဖြည့်တင်းထားရေးကိစ္စ။
(၃) တိကျသောသဘောတူညီမှုမရသေးဘဲ နှင့် စစ်အစိုးရဘက်မှ အပစ်ရပ်များအတွက် တပ် ပြန်ဖွဲ့ခိုင်းရန်၊ စစ်သင်တန်းကျောင်းဆိုင်ရာ ပြင်ဆင်ထားသည့်ကိစ္စ - စသည့်အကြောင်းအရာ များဆွေးနွေးခဲ့သည်ဟု ထိုအရာရှိက ဆက်ပြောပြပါသည်။
ဝ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ရင်းနှီးသည့်လားရှိုးကုန်သည်တဦးက- “သူတို့ဆွေးနွေးတဲ့အထဲမှာ - ၂ဝ၁ဝ ရွေးကောက် ပွဲကနေ အစိုးရပေါ်ထွက်လာပြီးမှသာ တပ်အသွင်ပြောင်းရေးလုပ်/မလုပ်ကို အဲဒီအချိန်ကျမှယတိပြတ် ဆုံးဖြတ်နိုင်မယ် ဆိုတဲ့ကိစ္စပါနိုင်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောပြ၏။
၎င်းဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ကြသည့် (အလယ်အလတ် နှင့် အထက်) ဝ အရာရှိ အရာခံ ရ၅% က -စစ်အစိုး ၏ အပြောနှင့် အလုပ်မညီမှုအပေါ် ယုံကြည်၍မရကြောင်း၊ မိမိတို့ဖက်မှဦးစွာတိုက်ခိုက်ရန်အတတ်နိုင်ဆုံးအောင့်အီး ရှောင်ရှား သွားမည်ဖြစ်သော်လည်း စစ်ရေးအရ အဆင့်သင့် ဖြည့်တင်းပြင်ဆင်ထားခြင်းကအကောင်းဆုံးရွေးချယ် စရာလမ်းဖြစ်ကြောင်း၊ အသက်နှင့်လဲပြီး မိမိတို့၏အမျိုးသားနယ်မြေကာကွယ်သွားမည်ဖြစ်ကြောင်းတခဲနက်သဘော တူ ဆန္ဒဖေါ်ထုတ် ကြသည်ဟု ဆိုသည်။
အမည်မဖေါ်လိုသည့် အခြား ဝ တပ်မှူးတဦးကလည်း - “လက်ခံသဘောတူချက်မရသေးဘဲနဲ့ စစ်အစိုးရဘက်က ကျနော် တို့အတွက် သင်တန်းပေးဖို့ ဗထူး၊ တန့်ယန်း နဲ့ ကျိုင်းတုံမြို့မှာ သင်တန်းကျောင်း(အပစ်ရပ်တပ်ဖွဲ့ဝင်တွေ အတွက် သီးသန့် သင်တန်းကျောင်း) ပြင်ဆင်ထားတဲ့ ကိစ္စကနည်းလမ်းမကျပါဘူး” - ဟုဆို၏။
ထိုသင်တန်းကျောင်းက အပစ်ရပ်အရာရှိ/တပ်မှူးများအား ကျန်းမာရေး၊ အရပ်အမောင်း၊ အသက်အရွယ်၊ပညာရေး ပိုင်း အကြောင်းရှာပြီး စစ်အစိုးရ အလိုမရှိသူများအား အဆင့်မမှီ/ပယ်စာရင်းနည်းလမ်းဖြင့်တယောက်ပြီးတယောက် ပယ်ထုတ် နိုင်ဖွယ်ရှိကြောင်း၊ စစ်အစိုးရ၏ ရည်မှန်းချက်စီမံချက် နောက်ကွယ်တွင် ရိုးသား မျှတတန်းတူမှုကင်းမဲ့နေ သောကြောင့် လျှော့တွက်၍မရကြာင်း၊ ၎င်းတို့၏ ခြောက်တခါချော့တလှည့် ထောင်ခြောက်ကို အထူးသတိထားရမည် ဖြစ်ကြောင်းလည်း ထိုတပ်မှူးကဆက်ပြောပြပါသည်။