သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်အခြေစိုက် နအဖ စစ်ဗိုလ် ၄ ယောက် အရပ်ဝတ်ဖြင့်မြို့ လယ်လမ်းမပေါ် အရက်မူး ရမ်းကား ရာမှမြို့ခံ အရပ်သားလူငယ်များနှင့် ပြဿနာတက်သဖြင့်လူငယ် ၈ ယောက်အား တပ်ထဲအထိ ဖမ်းဆီး သွားပြီး သေလုမျောပါး ထိုးကြိတ်ရိုက်နှက်ကြောင်း မြို့ခံများကပြောပါသည်။
ဧပြီ ၁၆ သင်္ကြန်ကာလ ညနေခင်းက ခမရ ၅၁၄ မှ နောက်တန်းတပ်ခွဲမှူး ဗိုလ်ကြီးတင်ဦး၊ တပ်ရေးဗိုလ်ကြီး ဟိန်းထက် ကျော်၊ ဗိုလ်အောင်သန်းဇော် နှင့် အမည်မသိကျန် ဗိုလ်တယောက်တို့ အရက်မူးကာ မြို့လည်ရပ်ကွက်တွင်းရမ်းကားရန်ရှာ သဖြင့် ရပ်ကွက်လူငယ်များနှင့် ပြဿနာဖြစ်ရခြင်းဖြစ်ကြောင်း ရပ်ကွက် ၁ လူငယ်တစ်ဦးကပြော၏။
“ စစ်ဗိုလ် ၄ ယောက်က အရမ်းအရက်မူးတယ်။ လမ်းသွားလမ်းလာတွေကို အော်ဟစ်ဆဲဆိုတယ်။ ဗိုလ်တယောက်က ခဲနဲ့ ပစ်ပေါက်လို့ စိုင်းတိုး ဆိုင်ကယ်ပေါ်က လဲကျသွားတယ်။ စိုင်းတိုးက မကျေနပ်တာနဲ့ သူ့သူငယ်ချင်းတွေသွားခေါ် လာပြီး အဲဒီအရက်မူးစစ်ဗိုလ်တွေကို ပြန်ထိုးကြိတ်လို့ ရန်ပွဲကြီးဖြစ်သွားတာပေါ့။ တပ်ရေးဗိုလ်ကြီးဟိန်းထက်ကျော် တစ်ယောက် ထွက်ပြေးသွားတယ်။ တပ်ကိုပြန်ပြီး ယူနီဖေါင်းဝတ်သေနတ်ကိုင် စစ်သားတဖွဲ့ခေါ်လာတော့တာဘဲ” ဟုအခင်းဖြစ်ပွားပုံကို ပြောပြ၏။
စိုင်းတိုးနှင့်သူငယ်ချင်းတစုက ကျန်စစ်ဗိုလ် ၃ ယောက်အား ချုပ်နှောင်ထားပြီး အထက်အရာရှိပြဿနာလာဖြေရှင်းပေးရန် စောင့်ဆိုင်းနေစဉ် သေနတ်ဖေါက်ခြိမ်းခြောက် အဖမ်းခံရခြင်းဖြစ်သည်ဟုဆို၏။
“စိုင်းတိုးတို့အဖွဲ့ကလဲ သူတို့ကို စစ်ဗိုလ်တွေအရင် ရန်စတာဖြစ်တော့ သူတို့ဘက်ကမမှားဘူး လို့ယုံကြည်ကြတာပေါ့။ ဘယ်ဟုတ်မလဲ စစ်သားတွေရောက်လာတော့ သူတို့ကို သေနတ်ဖေါက်ခြိမ်းခြောက်၊ သေနတ်ဒင်နဲ့ထု၊ ထိုးနှက်ကန် ကျောက် ပြီးတပ်ထဲဖမ်းသွားတော့တာဘဲ။ ပိုက်ဆံ ၄-၅ သောင်းပါသွားတဲ့တချို့လဲ စစ်သားတွေအကုန်သိမ်းယူ လိုက် တယ်။ ဘယ် လောက်ထိ အရိုက်ခံရလဲဆိုတော့ တချို့ဆိုရင် ၄-၅ ရက် တောင် ဆေးရုံတက်ရတယ်” ဟု ထိုမြို့ခံက ရှင်းပြ၏။
စစ်သားတစိတ်ခန့်ကို ဗိုလ်ကြီးဟိန်းထက်ကျော် သွားခေါ်လာစဉ် မြို့လယ်လမ်းမ တလျှောက်တွေ့ကရာ ရပ်ကွက်သားများ အား အော်ဟစ်ဆဲဆို ဆွဲရမ်း ထိုးကြိတ်ခဲ့ကြသေး သည်ဟုဆိုသည်။
အဖမ်းခံရသော လူငယ် ၈ ယောက်မှာ မိုင်းကိုင် ရပ်ကွက် ၄ မှ စိုင်းတိုး (၂၂ နှစ်) ၊ စိုင်းဇွဲ့(၂ဝ နှစ်) နှင့် စိုင်းကင်းမ် (၁၈ နှစ်)၊ ရပ်ကွက် ၁ မှ စိုင်းလိတ် (၁၉ နှစ်)၊ ပန်ကေတုမှ စိုင်းဆု (၁၉ နှစ်) နှင့်အခြား ၃ ယောက် ဟုဆိုပါသည်။