သုံးပွင့်ဆိုင်ဆွေးနွေးမှုမှ စတင်မှုမရှိလျှင် မစ္စတာဂမ်ဘာရီခရီးစဉ် အောင်မြင်မည်မဟုတ်ဟု သျှမ်းဒီချုပ်ပြော

သုံးပွင့်ဆိုင်ဆွေးနွေးမှုမှ စတင်မှုမရှိလျှင် မစ္စတာဂမ်ဘာရီခရီးစဉ် အောင်မြင်မည်မဟုတ်ဟု သျှမ်းဒီချုပ်ပြော
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးသံတမန် မစ္စတာအီဗရာဟင်ဂမ်ဘာရီထံသို့ စစ်အစိုးရနှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု အစပြုနိုင်ရန် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့က အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့ကြောင်း ...

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးသံတမန် မစ္စတာအီဗရာဟင်ဂမ်ဘာရီထံသို့ စစ်အစိုးရနှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု အစပြုနိုင်ရန် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့က အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့ကြောင်း - ထိုပေးစာ၌ သုံးပွင့်ဆိုင်ဆွေးနွေးမှုမှ စတင်မှုမရှိလျှင်မစ္စတာကမ်ဘာရီခရီးစဉ်အောင်မြင်မှာ မဟုတ်ဟု SNLD  ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် က ဆိုပါသည်။

ဂျန္နဝါရီလ ၃၁ ရက်မှ ဖေဖေါ်ဝါရီ ၃ ရက်နေ့အထိ ၄ ရက်ကြာမည့် ရ ကြိမ်မြောက် မြန်မာပြည် ခရီးစဉ်ဖြစ်သောမစ္စတာ အီဗရာဟင် ဂမ်ဘာရီထံ သျှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် အိတ်ဖွင့်ပေးစာတွင် - ၁၉၉၄ ကုလသမဂ္ဂ၏အဆိုပြုချက် အရ မစ္စတာ ဂမ်ဘာရီ ကိုမျှော်လင့်ကြောင်း၊ လက်ရှိ ကမ္ဘာ့စီးပွားရေးပျက်ကပ် နှင့် ဒေသတွင်းနိုင်ငံရေးမတည်ငြိမ်မှုများ၏ ဂယက်ရိုက်မှု ပေါင်းများစွာကို ဖြေရှင်းရန် အရေးတကြီးလိုအပ်နေသကဲ့သို့မိမိတို့အမျိုးသားများအချင်းချင်းကြား သွေးစည်း ညီညွတ်မှုကို မတည်ဆောက်နိုင်ပါက နိုင်ငံ့အနာဂတ်ကို အမြော်အမြင်ကင်းမဲ့စွာရိုက်ချိုးဖျက်ဆီးပစ်နေသည်နှင့် ခြားနားလိမ့်မည်မဟုတ် - ဟုဆိုပါသည်။

မစ္စတာဂမ်ဘာရီထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်း၏ ရည်ရွယ်ချက်ကို SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က သျှမ်းသံတော် ဆင့်အား ဤကဲ့သို့ပြောပြ၏။

“မစ္စတာဂမ်ဘာရီခရီးစဉ်အပေါ် ကျနော်တို့သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ ့ မျှော်လင့်ချက်က - သူရဲ ့ခရီးစဉ် က စစ် အစိုးရနဲ့ ဒီမိုကရေစီမျှော်လင့်တောင့်တသူများကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပေါင်းကူးလုပ်ပေးရမှာဆိုတော့  (၁) လက်ရှိ အာဏာ ရယူထားတဲ့ စစ်ဘက်ခေါင်းဆောင်များ၊ (၂) အတိုက်အခံနိုင်ငံရေးပါတီအစု အဖွဲ့များ၊ (၃)မိမိတို့၏ အမျိုးသားများတန်းတူညီမျှမှု နဲ့ တရားမျှတမှုရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် အဓိက ဖြစ်တယ်။ အဲလိုမှ မစဘူးဆိုရင်တော့ သူ့ခရီးစဉ်အောင်မြင်မှာမဟုတ်ဘူး” - ဟုဆိုပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့်တွေ့/မတွေ့ဖို့အတွက်မူ မစ္စတာဂမ်ဘာရီ အစီအစဉ်ချထားမှုအပေါ်သာ မူတည် ကြောင်း၊ အကယ်၍ ကုလလမ်းစဉ်အတိုင်း လုပ်ဆောင်ဖို့လာပါက တိုင်းရင်းသား အတိုက်ခံအဖွဲ့နှင့်တွေ့ကို တွေ့ဆုံရမည်ဖြစ် ကြောင်း၊ လူထုထောက်ခံပြီး ရွေးကောက်ပွဲ တကယ့် အနိုင်ရထားသည့် တိုင်းရင်းသားပါတီမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ကြောင်း၊ သို့သော်မစ္စတာဂမ်ဘာရီတခါမှ တွေ့ဖို့မကြိးစားခဲ့ကြောင်း၊ အမှန်တကယ် ဆွေးနွေးမှုဖြစ်စေလိုလျှင် နအဖ လမ်းညွန်သည့် အတိုင်းမသွားဘဲ ကုလ၏မူလလမ်းစဉ်အတိုင်းသွားပါက တိုင်းရင်းသားအတိုက်ခံအဖွဲ့ကို ဒီခရီးစဉ်တွင် တွေ့မှဖြစ် မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိနေကြောင်းနှင့် မျှော်လင့်နေကြောင်း ဦးစိုင်းလိတ်က ဆိုပါသည်။

အကယ်၍ မစ္စတာဂမ်ဘာရီ နှင့် တွေ့ဆုံပါက-“အတိုက်အခံ ဒီမိုကရေစီအင်အားစုခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည် နဲ့ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဗိုလ်ချုပ်ဆေထင် တို့အပါအဝင် ရဟန်းရှင်လူ ကျောင်းသား ပြည်သူ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး အဆိုပြုတောင်းခံ ပေးရန် နှင့် စစ်မှန်သော သုံးပွင့်ဆိုင် ဆွေးနွေးရေးအမြန်ဆုံးလုပ်ပေးဖို့ တောင်းဆိုမယ်” -ဟုဦးစိုင်းလိတ် ကဆိုပါသည်။

ထိုအိတ်ဖွင့်ပေးစာ၌ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အဖွဲ့အစည်းစွဲ ကိစ္စရပ်များကို ရှေ ့တန်းမတင်သည့် ဖြူစင်သော ပင်လုံစိတ်ဓါတ် အခြေခံဖြင့် ပါ၀င်သင့် ပါ၀င်ထိုက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံး လွတ်လပ်စွာပါ၀င် ဆွေးနွေးနိုင်မည့် အခင်းအကျင်းမျိုးကို ကြိုးစား တည်ဆောက်သွားရန် ပထမဦးစားပေးလိုအပ်ကြောင်း အကြံပြုတင်ပြလိုက်သည် - ဟု ဆိုထားပါသည်။

Most read this week