စိုင်းနော်ခမ်း လက်ကျန်တပ်ဖွဲ့ဝင် (၂၅) ဦး အစိုးရထံ လက်နက်ချ

စိုင်းနော်ခမ်း လက်ကျန်တပ်ဖွဲ့ဝင် (၂၅) ဦး အစိုးရထံ လက်နက်ချ
by -
သတင်းနှင့်မီဒီယာကွန်ယက်

ရွှေတြိဂံဒေသအတွင်း လှုပ်ရှားနေသည့် မူးယစ်ခေါင်းဆောင် စိုင်းနော်ခမ်း၏ လက်ကျန် တပ်ဖွဲ့ဝင် (၂၅) ဦး ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဒေသခံ အစိုးရတပ်ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။

အဖွဲ့ခေါင်းဆောင် (၃) ဦး ခေါင်ဆောင်သည့် အဖွဲ့ငယ် သုံးဖွဲ့မှ ယမန်နေ့ ညနေပိုင်း အချိန်က ၀င်ရောက်လာခဲ့ပြီး ယနေ့နံနက် (၈) နာရီ အချိန်ခန့်တွင် တာချီလိတ် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၅၉) တပ်နယ်မြေ အတွင်း လက်နက်ချ အခမ်းအနား ကျင်းပ ခဲ့သည်ဟု အာဏာပိုင်နှင့် နီးစပ်သူတဦးက အခုလို ပြောသည်။

“အားယီခေါင်းဆောင်တဲ့အဖွဲ့က (၁၆) ယောက်၊ အားထူးခေါင်းဆောင်တဲ့အဖွဲ့က (၄) ယောက်၊ ယောဟန်ခေါင်းဆောင်တဲ့ အဖွဲ့က (၅) ယောက် အားလုံး (၂၅) ယောက် ၀င်လာတယ်။ ဒီမနက် (၈) နာရီမှာ သူတို့ကို အခမ်းအနားနဲ့ ကြိုဆိုလိုက်တယ်။”

လက်နက်မျိုးစုံ (၁၈) လက်၊ ခဲယမ်းမျိုးစုံအပါအဝင် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ   ၀င်ရောက်လာခြင်း ဖြစ်ပြီး တာချီလိတ် အခြေစိုက် စစ်ဗျူဟာ ဗိုလ်မှူးကြီး ခင်မောင်စိုး ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံ ကြိုဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ဧပြီလ (၂၃) ရက်နေ့က စိုင်းနော်ခမ်း၏ တပ်ဖွဲ့ဝင်(၈) ဦးမှ တာချီလိတ် နယ်မြေခံတပ်ထံ လက်နက်ချခဲ့ပြီး ဧပြီလ (၂၅) ရက်နေ့တွင် ၎င်းအပါအဝင် တပ်ဖွဲ့ဝင် (၈) ဦးအား လာအို(လောဝ်) နိုင်ငံအတွင်း ဖမ်းဆီးမိခဲ့သည်။

၎င်းအား လာအိုနိုင်ငံမှ တရုတ်နိုင်ငံသို့ ယခုလ (၁၀) ရက်နေ့က လွဲပြောင်းပေး ခဲ့ပြီးနောက် ကျန်ရှိနေသည့် တပ်ဖွဲ့ဝင်များ မကြာခန အလင်းဝင်လျက်ရှိကြောင်း အစိုးရအာဘော် သတင်းများ၌ ဖော်ပြသည်။

ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေး အဖွဲ့ခေါင်းဆောင် ဦးခွန်ဆိုင်းက ယခုကဲ့သို့ မကြာခန ၀င်ရောက်လာခြင်းကြောင့် လောလာဆယ် ရွှေတြိဂံ ဒေသအတွင်း မူးယစ်ဆေး ရောင်းဝယ်မှု အရှိန် အနည်းငယ် ရပ်တန့်သွားနိုင်သည်ဟု ယူဆသည်။

သို့သော် လုံးဝ ပပျောက်သွားမည် မဟုတ်ကြောင်းနှင့် နောက်ပိုင်းတွင် ဦးဆောင်သူ တဦးပြန်လည် ပေါ်ပေါက်လာနိုင်သည်ဟု အခုလို သုံးသပ်ပြောဆိုသည်။

“ကုန်သည်တွေက ကူးသန်းသွားလာတဲ့ အခါမှာ သူတို့ ပစ္စည်းတွေ အပ်နှံထားဖို့ ယုံကြည် စိတ်ချ ရတဲ့နေရာတွေ လိုတာကိုး။ အဲလို အပ်နှံဖို့အတွက် လူတွေ ကိုရှာရတာပေ့ါ။ အဲလိုနဲ့ တဖြည်းဖြည်းချင်း တယောက်ယောက်က သူ့ရဲ့ သြဇာ အာဏာတွေ ထူထောင်လာ နိုင်တာပေ့ါ။ ဒါပေမယ့် အခုလောလောဆယ် ချက်ချင်း ဖြစ်ဖို့တော့ မရှိသေးဘူးပေ့ါ။”

စိုင်းနော်ခမ်းနှင့် အဖွဲ့သည် လူအင်အား (၁၅၀) ခန့်ဖြင့် လာအို(လောဝ်)၊ ထိုင်းနှင့် မြန်မာ နယ်စပ် ရွှေတြိဂံ ဒေသတဝိုက်တွင် လှုပ်ရှားနေပြီး မဲခေါင်မြစ်အတွင်း သွားလာနေသည့် ကုန်တင် သင်္ဘောများနှင့် ခရီးသည်တင် ရေယာဉ်များအား စီးနင်းတိုက်ခိုက် ပြန်ပေးဆွဲမှုများ ပြုလုပ်နေသည်ဟု စွပ်စွဲခံထားရသည်။

ထို့အပြင် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့က တရုတ် ကုန်တင် သင်္ဘောတစီးအား စီးနင်းတိုက်ခိုက်၍ သင်္ဘောသား (၁၃) ဦးအား သတ်ဖြတ်ခဲ့သည်ဟု ထိုင်းအာဏာပိုင်အဖွဲ့က စွပ်စွဲ ပြောဆိုခဲ့သည်။

Most read this week