၈၈ မျိုးဆက်များ ၂၀၁၅ အတွက် ရွေးကောက်ပွဲ အတွေ့အကြံုယူမည်

၈၈ မျိုးဆက်များ ၂၀၁၅ အတွက် ရွေးကောက်ပွဲ အတွေ့အကြံုယူမည်
by -
သဇင်နီ

ယခု ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်းသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် အတွေ့ အကြံု ယူခြင်းဖြစ်သည်ဟု (၈၈) မျိုးဆက်ကျောင်းသားများ ဦးဆောင် ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးကွန်ယက် အဖွဲ့အမှုဆောင် ကိုကိုကြီးက ပြောသည်။

88-Photo“သမိုင်းတစ်လျှောက်မှာ နိုင်ငံတော်က အင်မတန်ကြီးမားတဲ့ အခန်းကဏ္ဍမှာရှိပြီး  နိုင်ငံသားတွေရဲ့ အခန်း ကဏ္ဍ ပျောက်ကွယ်သလောက်ဖြစ်နေတဲ့ အခြေအနေကနေပြီး အတိုင်းအတာတစ်ခုအထိ ပွင့်လင်း လာတဲ့ အချိန်မှာ နိုင်ငံသားတိုင်းက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မသမာမှုတွေ တွေ့လို့ရှိရင် ကျွန်တော်တို့ အဖွဲ့ကနေ တဆင့်ပြော နိုင်အောင်လို့ ဖွဲ့စည်းခဲ့တာပါ။”

ယခုဖွဲ့စည်းထားသည့် အဖွဲ့သည် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည့် တရားဝင်အဖွဲ့အစည်းမဟုတ် ကြောင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၁၅ ခုနှစ် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ အတွက်အတွေ့ အကြံုများ ရရှိစေရန် ရည်ရွယ်သည်ဟုလည်း သူက ဆိုသည်။

“ရွေးကောက်ပွဲစောင့်ကြည့်ဖို့အတွက် နိုင်ငံတော်အစိုးရက ပြည်ပစောင့်ကြည့်သူတွေကို ခွင့်ပြုနေတဲ့ အချိန်မှာ နိုင်ငံသားတွေအနေနဲ့လည်း ရွေးကောက်ပွဲ အရည်အသွေးကို အကဲဖြတ်ဖို့တာဝန်ရှိတယ်လို့ ယုံကြည်တယ်။”

ထိုယုံကြည်ချက်ဖြင့် နိုင်ငံသားတိုင်း လုပ်ပိုင်ခွင့်ရှိသည့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခြင်း ဖြစ်ကြောင်း “ကျွန်တော်တို့နားလည်တာက လူမှုအဖွဲ့အစည်းတွေဆိုတာဟာ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား အတွက် စုပေါင်းဆောင်ရွက်တဲ့ သဘောပါဘဲ၊ ကျွန်တော်တို့က ကျွန်တော်တို့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်လို့ ကိုယ်ဟာကိုယ် သတ်မှတ်ပြီးလုပ်တာပါ။ တရားဝင်မှု မဝင်မှုဆိုတာထက် ဒါကျွန်တော်တို့ လုပ်သင့်တယ်။” ဟု ကိုကိုကြီးကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွင်း လေ့လာစုံစမ်းရန် အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယားနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ် ၂ ဦးစီကို လေ့လာခွင့်ပြုမည်ဟု အစိုးရက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ သည်။ ၎င်းတို့နှင့်အတူ သက်ဆိုင်ရာ နိုင်ငံများမှ သတင်းထောက် ၃ ဦးစီကိုလည်း လိုက်ပါခွင့်ပြုထားသည်။

ရွေးကောက်ပွဲကာလအတွင်း လေ့လာတွေ့ရှိချက်များအပြင် ပြည်တွင်းပြည်ပ မီဒီယာများမှ ထုတ်လွှင့်ထား သော သတင်းများအား ကိုကား၍ ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာတွင် မူကြမ်းအစီရင်ခံစာ တစ်စောင် ထုတ်ပြန်သွားရန် ရှိပြီး မကြာမီအချိန်အတွင်း အချောသတ် စီရင်ခံစာကိုလည်း ထုတ်ပြန်သွားမည်ဟု ကိုကိုကြီးကပြောသည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးကွန်ယက် အဖွဲ့ကို ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်ပြီး မတ်လ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Most read this week