ငြိမ်းချမ်းရေးကိစ္စ NMSP နှင့် အစိုးရ ကိုယ်စားလှယ်နှစ်ဖွဲ့ တွေ့ဆုံ

ငြိမ်းချမ်းရေးကိစ္စ NMSP နှင့် အစိုးရ ကိုယ်စားလှယ်နှစ်ဖွဲ့ တွေ့ဆုံ
by -
ဇော်ကြီး

ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ နှင့် ပတ်သက်၍ မွန်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး အဖွဲ့နှင့် မွန်ပြည်သစ် ပါတီ NMSP နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

အစိုးရဘက်မှ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးဆောင်သည့် အဖွဲ့ဝင် (၃) ဦး နှင့် NMSP ဘက်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီ နိုင်တလညီ ဦးဆောင်သည့် အဖွဲ့ဝင် (၃) ဦးတို့ မွန်ပြည်နယ် ရေးမြို့အခြေစိုက် ခလရ (၆၁) တပ်ရင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် ဆွေးနွေးချက်များနှင့် ပတ်သက်၍ လောလောဆယ် မပြောနိုင်သေးကြောင်းနှင့် ကိုယ်စားလှယ် အဖွဲ့ ပြန်ရောက်မှ ပြောဆိုနိုင်မည်ဟု NMSP တပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

သို့သော် နှစ်ဖက် တွေ့ဆုံရာ၌ NMSP ဘက်မှ တင်ပြမည့်အချက်များနှင့်ပတ်သက်၍ ဗဟို ကော်မတီဝင်များ အတွင်း ဦးစွာဆွေးနွေးခဲ့ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မူအရ ဆွေးနွေးမည်ဟု သဘောတူညီခဲ့ကြောင်း ဆက်ပြောသည်။

“အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆိုရင် တဖွဲ့ချင်းစီ သူတို့ဟာနဲ့သူတို့ နားလည်မှုယူပြီး လုပ်လိုက်တဲ့ ဟာမျိုးကို ကျနော်တို့ မဖြစ်စေချင်ဘူး။ တပြည်လုံးမှာ တချိန်တည်း လုပ်ဖို့ တောင်းဆို နိုင်ဖို့  အဲတာကို ကျနော်တို့တွေ့ တဲ့ အချိန်မှာလည်း တင်ပြမယ်။”

လောလောဆယ် မွန်နှင့် ကရင်ပြည်နယ် နယ်စပ် တဝိုက်တွင် အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသား တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ သို့သော် NMSP တပ်ဖွဲ့နှင့်မူ နှစ်ဖက် တိုက်ခိုက်မှု မရှိသေးသော်လည်း NMSP ၏ သဘောထားကို သွားရောက် တင်ပြခြင်းသာ ဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။

“အခု ကျနော်တို့ သွားပြောတာက မွန်နဲ့ အစိုးရနဲ့ နားလည်မှု ရယူဖို့၊ အပစ်အခတ်ရပ်စဲရေး ထပ်လုပ်ဖို့ မဟုတ်ဖူးဗျ။ UNFC နဲ့ တွေ့ဆုံနိုင်ဖို့၊ တပြည်လုံး အပစ်အခတ် ရပ်စဲပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ အဲတာကို ကျနော်တို့ တောင်းဆိုတာပါ။ ကျနော်တို့ သဘောထားကို သွားပြောပြ တာပါ။”

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် တက်လာပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့မှ သြဂုတ်လ (၁၈) ရက်နေ့က ငြိမ်းချမ်းရေး ကြေငြာချက်ကို တရားဝင် ထုတ်ပြန် ခဲ့သည်။

တချိန်တည်းတွင် ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA-N တပ်ဖွဲ့များအား အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ယင်းတပ်ဖွဲ့များနှင့် နယ်မြေချင်း ထိစပ်နေသည့် “၀” နှင့် မိုင်းလား တပ်ဖွဲ့များအား ငြိမ်းချမ်းရေး ဆက်လက် ထိန်းသိမ်းရန် စည်းရုံးခဲ့သည်။

အလားတူ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ထံ ငြိမ်းချမ်းရေး ကိုယ်စားလှယ် စေလွတ်ဆွေးနွေးခဲ့ သလို ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တပ်ဖွဲ့ထံသို့ ကြားခံ အဖွဲ့အစည်းများမှတဆင့် ငြိမ်းချမ်းရေး စကား ကမ်းလှမ်းမှုများ ပြုလုပ်နေသည်။

ယင်းသို့ အခြေအနေများ အပေါ် “တဖက်က ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်။ တဖက်က ထိုးစစ်တွေလုပ်နေ တယ်။ အဲဒါကတော့ ဆန့်ကျင်ဖက် လုပ်ငန်း နှစ်ခု ဖြစ်နေတယ်ဗျ။ အဲလို ဆက်လုပ်နေခြင်း အားဖြင့်ပေါ့ဗျာ၊ ဒီငြိမ်းချမ်းရေး လုပ်ငန်း အပေါ်မှာ အများကြီး သံသယ ဖြစ်စေတယ်။ အနှောင့် အယှက်ဖြစ်စေတယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့် ဖြစ်သင့်တာကတော့ ထိုးစစ်တွေကို ရပ်ဆိုင်းပြီးတော့ ဒီကိစ္စတွေကိုအမြန်ပြေ လည်နိုင်ဖို့ နည်းလမ်း ရှာဖို့သင့်တယ်လို့ ကျနော်ကတော့ အဲလို မြင်တယ်။” ဟု နိုင်ဟံသာကသုံးသပ်ပြောဆို သည်။

ထို့အပြင် ကချင်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရတပ်၏ ထိုးစစ်များသည် နိုင်ငံခြားတိုင်းပြည်၏ အကျိုးအတွက် မိမိတို့ နိုင်ငံသား အချင်းချင်း တိုက်ခိုက်နေရခြင်းဖြစ်၍ နောက်ပိုင်းတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် အဖုအထစ် ဖြစ်စေနိုင်သည့်အပြင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး နှောင့်နှေးစေသည့်အတွက်ထိုးစစ် များ ရပ်ဆိုင်းသင့်သည်ဟု ဆက်လက် ပြောဆိုသည်။ 

NMSP တပ်ဖွဲ့သည် ၁၉၉၅ ခုနှစ် က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး လောလောဆယ်တွင် အစိုးရ တပ်များနှင့် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားမှု မရှိခဲ့ပေ။ ထို့အပြင် အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်း ရေးကို  ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။

Most read this week