အစိုးရက မမှန်သတင်း ၀ါဒဖြန့်ခြင်းသာဖြစ်ဟု KIO တုန့်ပြန်

အစိုးရက မမှန်သတင်း ၀ါဒဖြန့်ခြင်းသာဖြစ်ဟု KIO တုန့်ပြန်
by -
ဇော်ကြီး

ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIAတပ် ဖွဲ့အတွင်း ပဋိပက္ခများ ပြင်းထန်နေပြီး အစည်း အဝေးအတွင်း ပစ်ခတ်မှုများဖြစ်ပွားရာမှသေဆုံး သူနှင့် ဒဏ်ရာရသူများရှိသည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိကို မဟုတ်မှန်ကြောင်း KIA က တုံပြန် လိုက်သည်။

ယခုလ (၁) ရက်နေ့က KIO ဌာနချုပ် လိုင်ဇာမြို့တွင်ပြုလုပ်သည့် အဆင့်မြင့် တပ်မှူးအဆင့် အစည်း အဝေးတွင် ငြိမ်းချမ်းရေးလိုလားသည့် KIA စစ်မှုထမ်းဟောင်းအဖွဲ့နှင့် စစ်ကိုလိုလားသည့် KIA ခေါင်းဆောင် များအကြား အချင်းများရာမှ ပစ်ခတ်သည့်အဆင့်ရောက်ရှိခဲ့ပြီး တစ်ဦးသေဆုံး၍ KIA ခေါင်းဆောင်တဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်း၌ ဖော်ပြထားသည်။

ယင်းသတင်းနှင့် ပတ်သက်ပြီး  KIO အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပြီး KIA တပ်ဖွဲ့အတွင်း အထက်နှင့် အောက်ခြေ အဆင့်ကြား အထင်အမြင် လွဲမှားမှုဖြစ်ပေါ်စေရန် အစိုးရက ၀ါဒဖြန့်ခြင်း ဖြစ်သည်ဟု ယခုလို ပြောသည်။

“မဟုတ်မမှန် ၀ါဒဖြန့်တာကို သူတို့က ရည်ရွယ်ချက် ရှိရှိလုပ်တယ်လို့ဘဲ သတ်မှတ်လို့ ရတယ်ခင်ဗျ။ ဒီမှာ ဖြစ်တဲ့ ဖြစ်စဉ်ကို ရှေ့တန်းမှာရောက်နေတဲ့ တပ်မဟာ   တွေကနေပြီးတော့ ငါတို့တပ်ဖွဲ့ထဲမှာ အဲလို သဘောထားတွေ ကွဲလွဲကုန်ပြီလားဆိုပြီး အချင်းချင်း အမိန့်နာခံမှုပျက်ပြားအောင် ဆိုတဲ့သဘောနဲ့ လုပ်တာ ဖြစ်ပါလိမ့်မယ်။”

ယခု ရက်ပိုင်းအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဗန်းမော်မြို့များတွင်လည်း အလားတူ ၀ါဒဖြန့်မှုများ ဖြစ်ပေါ်ခဲ့ပြီး KIO ဒု-စစ်ဦးစီးချုပ် သေနတ်ထိမှန် ခဲ့သည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့သေး ကြောင်း ဆက်လက် ပြောဆိုသည်။ ထို့အပြင် သြဂုတ်လ (၂၀) ရက်နေ့က ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်းမြို့များနှင့် ဗန်းမော်မြို့များရှိ လူစည်ကားရာ နေရာများတွင် KIO နှင့် လူထုအကြား အထင်အမြင် လွှဲမှားစေသည့် စာများရေးကပ်ထားခဲ့သည်။

ယင်းစာများတွင် KIO သည် ငြိမ်းချမ်းရေး တည်ဆောက်ရန်၊ လူထုဆန္ဒကို လိုက်နာ၍ ဥပဒေဘောင် အတွင်း ၀င်ရောက်ရန် စသည့်အချက်များ အပါအဝင် အကယ်၍ ပြည်နယ်ငြိမ်းချမ်းမှု မရှိပါက မိုးညှင်းနှင့် ဗန်းမော် ခရိုင်တို့သည် ကချင်ပြည်နယ်လက်အောက်တွင် မနေလိုကြောင်းဖြင့် ရေးသားထားသည်။

ယင်းလုပ်ရပ်များကို အစိုးရ အာဏာပိုင် အဖွဲ့အစည်းတခုခုက ဦးဆောင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု KIO က ယူဆပြီး“အရင်ကတော့ ကောလဟာလ ဆိုပြီး ကျနော်တို့လည်း သိပ်အလေးမထားခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့တော့ နိုင်ငံပိုင်သတင်းစာကနေပြီးတော့ ဒီလို လုပ်ကြံပြောဆိုတယ် ဆိုတာက အဲဒီသတင်းစာကို ယုံကြည်စရာ အချက်တခုမှ မပါဘူးဆိုတာ သက်သေပြလိုက်တာပဲ။” ဟု ဦးလနန်က ပြောသည်။

အစိုးရက အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး စကားပြောဆိုရန် တဖက်က ကမ်းလှမ်းနေ သော်လည်း အခြားတဖက်တွင် ယခုကဲ့သို့ စွပ်စွဲပြောဆိုနေခြင်းအပေါ် “ဒီလို လုပ်လာခြင်းအားဖြင့် မကြာခင်မှာ ကျနော်တို့ဖက်မှာ စစ်ဆင်ရေးတွေ ကြီးကြီးမားမား လုပ်ဆောင် လာနိုင်တယ်လို့ ခန့်မှန်းလို့ ရတယ်ခင်ဗျ။ ဒါကတော့ သူတို့ရဲ့ စစ်ရေးဗျူဟာ နည်းအရ ပေ့ါနော် တိုက်ပွဲတခုကို စပြီး မဖော်ခင်မှာဒီလိုမျိုးစိတ်ဓါတ် ရေးရာစစ်ဆင်ရေးတွေ အမြဲတန်း လုပ်နေကျဘဲလေ။” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က လွန်ခဲ့သည့် သြဂုတ်လ(၁၈) ရက်နေ့စွဲဖြင့် အချက် (၃) ချက်ပါ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်ကို တရားဝင် ထုတ်ပြန်ခဲ့သလို လွှတ်တော်တွင်း အစည်းဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေး ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။

သို့သော် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ “ဒီပုံစံအတိုင်းဆိုရင်တော့ သူတို့အထဲမှာ မူတခုတော့ ပြောင်းကိုပြောင်းရမယ်။ အခု သူတို့ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့ဆိုတာကလည်း နိုင်ငံ တကာကို ပြဖို့အတွက် ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ အာဘော်ထဲမှာ အခုလိုပဲ ထည့်နေရင်တော့ ငြိမ်းချမ်းရေး ဖိတ်ခေါ်တယ်ဆိုတာကလည်း လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။” ဟု ဦးလနန်က ပြောသည်။

KIO အနေနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကိုသာ လိုလားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ လက်နက်ချရေးမူကို လုံးဝ လက်မခံနိုင်ကြောင်း ယခင်ကတည်းက ပြောဆိုခဲ့ပြီး ဖြစ်သည်။

KIO သည် ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီး နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေးကို လက်မခံ ငြင်းဆန်ခဲ့ရာမှ လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Most read this week