၂၀၀၈ ဖွဲ့စည်းပုံအရဆိုလျှင် ဆွေးနွေးမည်မဟုတ်

၂၀၀၈ ဖွဲ့စည်းပုံအရဆိုလျှင် ဆွေးနွေးမည်မဟုတ်
by -
ဇော်ကြီး

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အင်အား စုများအကြား ဖြစ်ပွားနေသည့် ပြဿနာများ ကို ဖြေရှင်းရာတွင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဆွေးနွေးမည်ဆိုပါက လက်မခံနိုင်ကြောင်း တိုင်းရင်းသား တပ်ဖွဲ့များက ပြောသည်။

သမ္မတ ဦးသိန်းစိန် က ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင် တိုင်းရင်းသား များ အနေဖြင့် ငြိမ်းချမ်းရေးရယူလိုသော ဆန္ဒရှိလျင် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် အချိန်မရွေး ဆွေးနွေးနိုင်သည်ဟု ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယင်းသို့ဆွေးနွေးရာတွင် ဒို့တာဝန်အရေးသုံးပါးကို အဓိကထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S တပ်ဖွဲ့တို့က လက်မခံနိုင်ကြောင်း တုန့်ပြန်ပြောဆို လိုက်ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးနိုင်သည် ဆိုသော နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အပေါ် တောင်ပိုင်း SSA တပ်ဖွဲ့က လက်ခံကြိုဆိုလိုက်သော်လည်း ပင်လုံသဘောတူညီချက်ကို ပြန်လည် သုံးသပ်ရန် လိုအပ်သလို ၂၀၀၈ ဥပဒေအပေါ် သံသယဖြစ်မိသည်ဟု အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

“ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျနော်တို့က နဂိုကတည်းက လက်ခံခဲ့တာ မဟုတ်ဖူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ လုပ်ဆောင်ပေးမယ်ဆိုတော့ အဲဒီမှာ တရားမျှတမှုဆိုတာ ဘယ်ရှိတော့မလဲ။ တရားမျှတမှု မရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲကတော့ ဘယ်လို လုပ်ပြီး အကောင်အထည် ဖော်နိုင်မလဲဆိုတာ ကျနော်တို့လည်း သံသယ ဖြစ်မိပါတယ်ခင်ဗျ။”

ထို့အပြင် အကယ်၍ ဆွေးနွေးမည်ဆိုပါက ဦးစွာ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရန် လိုအပ် သည်ဟု ဆက်လက် ပြောဆိုသည်။

“အကယ်၍ ကျနော်တို့ တောင်းဆိုတဲ့အတိုင်း အစိုးရက အကုန်လုံး လိုက်လျောပေးမယ် ဆိုရင် တော့ ဒါကတော့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် နှစ်ဦး နှစ်ဖက်ပေ့ါနော်၊ မတွေ့ကြခင်မှာ အရင်ဆုံးတော့ ယုံကြည်မှု တည်ဆောက်ဖို့တော့ လိုအပ်ပါလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။”

လောလောဆယ်တွင် အစိုးရဖက်မှ တရားဝင်စာဖြင့် အကြောင်းကြားလာခြင်း မရှိသေးသည့်အပြင် တိုင်းရင်းသားများနှင့် အစိုးရအဆက်ဆက် တို့အကြား ဖြစ်ပွားနေသည့် ပြဿနာ အရင်းအမြစ်ကို ရှာဖွေနိုင်မှသာ ပြေလည်မှု ရနိုင်မည်ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကလည်း ၂၀၀၈ ဥပဒေအရဆိုလျင် ဆွေးနွေးနိုင်မည် မဟုတ်ဟု ငြင်းဆိုလိုက်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လိုအပ်သည်ဟုအဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ပြောသည်။

“KNU ရဲ့သဘောထားကတော့ ဒီဟာက ပြည်ထောင်စု ပြဿနာဖြစ်တယ်။ တနိုင်ငံလုံး ပြဿနာလို့ ကျနော်တို့က မြင်တယ်။ ပြည်နယ်တခုရဲ့ ပြဿနာ တစိတ်တပိုင်းအနေနဲ့ ကျနော်တို့က ခွဲပြီး မမြင်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ဖက်က ရပ်တည်ချက်ကတော့ စကားပြောရင်လည်းပဲ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်တဲ့သူတွေ အားလုံးက တသံတည်း ၊ ရပ်တည်ချက် တခုတည်း အနေနဲ့ အဖွဲ့အစည်းကနေ စကားပြောမယ်။”

ထို့အပြင် ပြည်နယ်အစိုးရအနေနှင့် ဆွေးနွေးမှုမျိုးကို လက်ခံမည်မဟုတ်ဘဲ ဗဟိုအစိုးရနှင့်သာ တိုက်ရိုက် ဆွေးနွေးမည်ဟုလည်း ၄င်းက ပြောသည်။ ယင်းသို့ ဆွေးနွေးကြမည်ဆိုလျင် မိမိနိုင်ငံ အတွင်းမှ သမာ သမတ်ကျသည့် ပုဂ္ဂိုလ် သို့မဟုတ် အိမ်နီးချင်းနိုင်ငံ တနိုင်ငံမှ ပုဂ္ဂိုလ်များ ရှေ့မှောက် တွင်သာ ဆွေးနွေးပွဲကို ပြုလုပ်လိုသည်ဟု ဗိုလ်မှုးစောလှငွေက ဆက်လက် ပြောဆိုသည်။

“အကောင်းဆုံးကတော့ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ တင်ပြထားတဲ့ သူ့ကိုလည်းပဲ လုပ်ကိုင်ခွင့်ပေးပြီးတော့ လူထုအသံ ကိုလည်း ထင်ဟပ်တဲ့ ပုဂ္ဂိုလ်၊ ကျနော်တို့နဲ့ နီးစပ်နေတဲ့ တိုင်းနိုင်ငံတွေက သိက္ခာရှိတဲ့ အစိုးရအဖွဲ့တွေကတဆင့် တရားဝင်ချဉ်းကပ် ပြီးတော့ သူတို့ကတဆင့် လုပ်ရင်လည်း ကောင်းတာပဲ။ အဲတာတော့ ကျနော်တို့ လက်ခံတယ်။”

သို့သော် ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်း ဘောင်အတွင်းမှ ဆွေးနွေးမှုမျိုးကို လက်ခံလိမ့်မည် မဟုတ်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် စစ်အစိုးရတို့သည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က နှစ်ဖက် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့သလို ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တပ်ဖွဲ့မှာ ၂၀၀၇ ခုနှစ် မေလကုန်ပိုင်းက နှစ်ဖက် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အစီအစဉ်ပျက်ပြား ခဲ့သည်။

Most read this week