တာလေ ငလျင်ဒုက္ခသည် ၂၀၀ ကျော် မိုးထဲတွင် ယာယီတဲထိုး နေကြရ

တာလေ ငလျင်ဒုက္ခသည် ၂၀၀ ကျော် မိုးထဲတွင် ယာယီတဲထိုး နေကြရ
by -
အားမီ

ရှမ်းပြည်အရှေ့ပိုင်းရှိ ငလျင်ဒဏ်ဆိုးဝါးစွာခံခဲ့ရသည့် တာလေဒေသတွင် တစ်ပတ်ကျော်ကြာမိုးပြင်းထန် စွာ ရွာသွန်းမှုကြောင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများ ကြန့်ကြာနေရပြီး၊အိမ်မဆောက်ရသေး သည့် ဒုက္ခသည် ၂၀၀ ကျော် ယာယီတဲများဖြင့် နေကြရသည်ဟု ဒေသခံများက ပြောကြသည်။

tarlay

“အခုက အများစုက ဌာနဆိုင်ရာက ဖြန့်ဝေထားတဲ့ မိုးကာနဲ့ဆောက်ထားတဲ့ တဲလေ။ တာလပတ်တဲ အဲ့ဒါနဲ့ နေတာ” ဟု တာချီလိတ်မြို့ မှ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါးက ပြောသည်။

တာချီလိတ် ဘုန်းတော်ကြီးက ဆက်လက်၍ “အိမ်ဆောက်နေတဲ့သူ အများစုကလည်း တိုင်ထူရုံလောက်ပါ ပဲ၊ အကုန်မပြီးသေး တာများတယ်၊ အမိုးတော့ပြီးတယ်။ အကာကတော့ မပြီးသေးဘူး၊ အဲ့ဒီထဲတွေမှာ ပြန်နေနေကြတယ်။ အများစုကတော့ ပြီးပြီးမပြီးပြီး ကိုယ့်နေရာမှာပဲ တဲထိုးပြီးနေကြတယ်” ဟုပြောဆို သည်။

အဆိုပါ ယာယီတဲများလည်း လောက်ငှမှု မရှိသောကြောင့် အချို့မှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့်ဝါးတဲငယ် လေး များထိုးပြီး ပလက်စတစ်မိုးကာများကာ၍ နေကြရကြောင်း တာချီလိတ်မှ ဒေသခံတစ်ဦးကလည်း ပြောသည်။

တပတ်ကြာ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပျက်စီးကာ တာလေမြို့နယ်မှ ကျာကူနီ၊ ပါခမ်း-၁ နှင့် ပါခမ်း-၂ ကျေးရွာများသို့ ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ခက်ခဲနေ  သောကြောင့် ဆောက် လုပ် ရေး လုပ်ငန်းများ ရပ်တန့်ထားရကြောင်း တာလေမြို့ပေါ်ရှိ ကယ်ဆယ်ရေးနှင့်ဆောက်လုပ် ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောပြသည်။

“မိုးကြီးလို့ သွားလာရခက်တဲ့ ရွာတွေကို မရောက်တာ တစ်ပတ်ကျော်ပြီ။ အဓိကက ရာသီဥတုဆိုးလာရင် သွားလာဖို့ ခက်ခဲတာနဲ့ လမ်းမကောင်းတော့ အိမ်ဆောက်ပစ္စည်းသယ်တာ အခက်အခဲဖြစ်တာပေါ့။ အခု အိမ်ဆောက်နေတာတွေ ရပ်ထားရတယ်။ အဲ့ဒါကြောင့် ပြန်လည်ထူ ထောင်ရေးပါ နှောင့်နှေးနေတာ” ဟု ၎င်းက ဆိုသည်။

တာလေမြို့ပေါ်ရှိ ရပ်ကွက်များနှင့် မိုင်းလင်းဒေသတွင် ဒေသခံအာဏာပိုင်များနှင့်ဒေသတွင်းအလှူရှင် များ၏ အကူအညီဖြင့် သွပ်မိုး၊ ပျဉ်ထောင်အိမ်စုစုပေါင်း (၃၁၈) လုံး ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း ကြက်ခြေနီအသင်း တာဝန်ရှိသူက ဆက်ပြောသည်။

မတ်လ (၂၄) ရက်နေ့ည ၈ နာရီခွဲ ခန့်က လှုပ်ခတ်သွားသော ပြင်းအား ၆.၈ ရစ်ချ်တာစကေးရှိ ငလျင် ကြောင့် တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှ ရွာပေါင်း ၉၀၊ ပြည်သူ ၂၀၀၀၀ နီးပါး ငလျင်ဒဏ်သင့်ခဲ့ပြီး လူပေါင်း ၃၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည်။

၎င်းငလျင်ကြောင့် ဆုံးရှုံးမှုတန်ဖိုး အားဖြင့် မြန်မာကျပ်ငွေ သန်း (၃) ထောင်ကျော် (အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့်) ရှိသည်ဟု ငလျင်ကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်သည့် စာရင်းများက ဆိုသည်။

Most read this week