NLD လုပ်ရပ် ဥပဒေနှင့် မညီဟု အစိုးရသစ် သတိပေး

NLD လုပ်ရပ် ဥပဒေနှင့် မညီဟု အစိုးရသစ် သတိပေး
by -
ဇော်ကြီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လက်ရှိ လုပ်ကိုင်နေမှုများသည် ဥပဒေနှင့်မကိုက် ညီကြောင်း အကြောင်းကြားစာ တစ်စောင်ကို ပြည်ထဲရေးဌာနမှ (NLD) ပါတီ အဖွဲ့ ခေါင်းဆောင် နှစ်ဦးထံ ပေးပို့ခဲ့သည်ဟု ယနေ့ထုတ် အစိုးရ အာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်အနေဖြင့် ယင်းသို့ အသိပေး အကြောင်းကြားရုံနှင် လက်ရှိဖြစ်ပေါ်ေ နသည့်  နိုင်ငံရေး ပြဿနာများ ပြေလည်နိုင်မည် မဟုတ်ဘဲ ယင်းကိစ္စ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးသင့် သည်ဟု မြန်မာ့အရေး စောင့်ကြည့်  လေ့လာနေသည့် ဗဟုဖွံ့ဖြိုးမှု အဖွဲ့မှဦးအောင်သူငြိမ်းက ပြောသည်။

“တို့ကတော့ တရားဝင် အစိုးရပေ့ါဗျာ။ တို့ကတော့ ဒီဥပဒေနည်းလမ်းနဲ့ အညီ လုပ်တယ်ဆိုပြီးတော့ သတိပေးလိုက်ရုံနဲ့ ဒီပြဿနာက ပြေလည် သွားမှာလည်း မဟုတ်ဖူး။ ပိုပြီးတော့ ဆိုးလာဖို့ဘဲ ရှိတယ်လို့ ထင်တယ်။ နောက်ဆိုရင် ရုံးတွေကို အစိုးရက အတင်းပိတ် သိမ်းရတာတွေ၊ ထိပ်တိုက် ရင်ဆိုင်ရတာမျိုး တွေလည်း ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။” 

ထို့အပြင် လာမည့်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့် စည်းရုံးရေးခရီးစဉ်အပေါ် တစုံတရာ အဟန့်အတားဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ဆက်လက် ပြောဆိုသည်။

“ဒီခရီးစဉ်မှာ လူတွေ သိပ်မထောက်ခံရဲအောင် နောက်ပြီးတော့ ဒေါ်စုနောက်ကလည်း အင်အား တွေကို တတ်နိုင်သလောက် လျော့ချနိုင်အောင်ဆိုတဲ့ သဘောမျိုး ခြိမ်းခြောက်တာဘဲလို့ ပြောရမယ်။”

NLD အဖွဲ့ချုပ် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ လုပ်ရပ်များသည် အစိုးရသစ်၏ ဥပဒေအား တမင်ဆန့်ကျင် ဖောက်ဖျက်ယုံသာမက အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ကို အခက်အခဲ ပိုဖြစ်စေသည်ဟု အစိုးရ သတင်းစာက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ယခင်စစ်အစိုးရ လက်ထက်မှစတင်၍ ယခုအစိုးရသစ် တက်လာသည့် တိုင် အမျိုးသား ရင်ကြားစေ့ရေး ကို NLD အနေဖြင့် တလျှောက်လုံး တောင်းဆိုလာခဲ့သည့် အတွက် အပေါ်စီးက ပြောဆိုခြင်းသာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) အဖွဲ့၏ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့် က ပြောသည်။

“အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့နေရာမှာ သက်သေကြီးနှစ်ခုရှိပါတယ်။ ရှမ်းမှာ တိုက်နေတာနဲ့ ကချင်မှာ တိုက်နေတာကိုကြည့်ရင် သိနိုင်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးထက် သူတို့က ကြီးနိုင်ငယ်ညဉ်းအနိုင် ကျင့်မယ်ဆိုတဲ့ နိုင်ငံရေးအရ ဖိအားပေးနေတယ်ဆိုတာ NLD တင်မကပါဘူး၊ တိုင်းရင်းသားတွေလည်း လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်တယ်။” 

ထို့အပြင် NLD ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနေဖြင့် တရားဝင် လူမှုရေးအသင်းအဖြစ် မှတ်ပုံတင်သင့်သည်ဟု အသိပေးဖော်ပြခဲ့ကြောင်း  သတင်းစာ က ဆိုသည်။

သို့သော် ယင်းကိစ္စနှင့် ပတ်သက် NLD အနေဖြင့် လူမှုရေးအသင်းအဖြစ် မှတ်ပုံတင်လိမ့်မည် မထင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့်တနိုင်ငံလုံး တွင် ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာကို ဆက်လက်ထိန်းသိမ်းထား ခဲ့သည်။

သို့သော် ၂၀၁၀ ခုနှစ် စစ်အစိုးရ ကျင်းပသည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်အတွက် ၂၀၀၈ ခုနှစ် စစ်အစိုးရ၏ ဥပဒေအရ တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ပြီး ဖြစ်သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ ဖော်ပြထားသည်။

Most read this week