မြန်မာစစ်တပ်နှင့် SSA-N ခေါ် SSPP တိုက်ပွဲ ပြင်းထန်

မြန်မာစစ်တပ်နှင့် SSA-N ခေါ် SSPP တိုက်ပွဲ ပြင်းထန်
by -
ဇော်ကြီး

မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ တပ်စခန်းတခုကို ယနေ့ မနက်မှ စတင်၍ ထိုးစစ် ဆင်တိုက်ခိုက်နေပြီး အစိုးရတပ်ဘက်မှ ဓါတု လက်နက် အသုံးပြုတိုက်ခိုက်နေသည်ဟုရှမ်းတပ် ဖွဲ့က သံသယရှိနေသည်။

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်၊ မိန်းကောင် တိုက်နယ်အတွင်းရှိ SSA-N အဖွဲ့ ထိန်းချုပ်ထားသည့် (၇) မိုင်တပ်စခန်းအား မြန်မာစစ်တပ် အင်အား (၁၀၀) ကျော်က ယနေ့နံနက်ငါးနာရီခွဲ အချိန်ခန့်မှ စတင်၍ ညနေပိုင်းအထိ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

sspp-ssa
ယင်းတိုက်ခိုုက်မှုတွင်ဓါတုလက်နက်များအသုံးပြုနေသည်ဟု မြောက်ပိုင်း SSA-N အဖွဲ့က သံသယရှိနေကြာင်း ၄င်းတို့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ စိုင်းမိန်းက ပြောသည်။

“မြန်မာစစ်တပ်ဖက်က လက်နက်ကြီးတွေ သုံးပြီး ပစ်တယ်တဲ့။ အဲဒီမှာ ဓါတုဓါတ်တွေ ပါတယ်လို့ ယူဆရ တာပေ့ါနော်။ သူတို့ဖက်က ပစ်လိုက်လို့ ကျည်ဆံ လာကျကွဲလို့ရှိရင် မျက်ရည်ယိုတယ်၊ မူးတယ်၊ အသက်ရှူ ကြပ်တယ်၊ အန်တယ် အဲလိုမျိုးဖြစ်တယ်လို့ပြောတယ်။ မနက်ပိုင်းတပိုင်းလုံး ကနေ ခံတိုက်နေတာ အခု မွန်းလွဲပိုင်း အထိ တိုက်နေတုန်းပဲ။”

ယင်းတပ်စခန်းသည် မြောက်ပိုင်း SSA-N ခေါ် SSPP ထိန်းချုပ်ဒေသအတွင်း တောင်ဖက်ခြမ်းနှင့် မြောက် ဖက်ခြမ်း ကူးသန်းသွားလာရေးအတွက် အဓိကကျသည့် စခန်းတခုဖြစ်ပြီး ယခင်က တိုက်ပွဲများတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသော်လည်း မူးဝေအော့အန်ခြင်း မရှိဟု  SSA-N အရာရှိကပြော ကြောင်း ၎င်းက ဆက်ပြောသည်။

ယခု တိုက်ပွဲဖြစ်ပွားနေသည့် စခန်းမှာ သံလွင်မြစ်နှင့် နမ့်ပန်ချောင်းအကြားတွင် တည်ရှိပြီး ယင်းနယ်မြေ တဝိုက်ရှိ SSA-N တပ်ဖွဲ့များအား ၀မ့်ဟိုင်းဌာနချုပ်သို့ ဆုတ်ခွာပေးရန် မြန်မာစစ်တပ်က အစောပိုင်းကာလ ကတည်းက ပြောဆိုထားခဲ့သည်ဟု ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး လောဝ်ဆိုင်းက ပြောသည်။

“အဲဒီဒေသတဝိုက်မှာ သူတို့ SSA တပ်တွေ မရှိတော့ဘူးဆိုရင် “၀”တပ်ဖွဲ့နဲ့ SSA မြောက်ပိုင်း တပ်ဖွဲ့က အပြန်အလှန်ကူညီပေးမှု မရှိနိုင်တော့ဘူး။ အဲဒီနှစ်ဖွဲ့ကို သူတို့က ဖြတ်တောက် ပစ်လိုက်တဲ့ သဘောပေ့ါ။ အဓိကတော့ ဖြတ်လေးဖြတ်လုပ်တာပေ့ါ။”

ထို့အပြင်  “တဖက်ကလည်း အသွင်ပြောင်းထားတဲ့ စောဝ်ကိုင်ဖှတို့ စောဝ်လွယ်မောင်း တို့နဲ့လည်း အဲဒီ SSA-N အဖွဲ့ကို အချောနည်းနဲ့ လာပြီးတော့ စည်းရုံးခိုင်းနေတယ်။ တဖက်ကတော့ စစ်ရေးအရ ဖိအားပေးပြီးတော့ အသွင်ပြောင်းဖို့ တိုက်နေတာပဲ။” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လွန်ခဲ့သည့် မေလ(၂၆)ရက်နေ့ကလည်း သီပေါမြို့နယ်အတွင်းရှိ ဆောင်ကျေး တိုက်နယ်၊ နောင်တုမ်ကျေးရွာ အုပ်စုအတွင်း၌ မြောက်ပိုင်း SSA-N တပ်ဖွဲ့၏ ဒေသခံတပ်ရင်းနှင့် အစိုးရတပ် ၏ စကခ(၁) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၅၀၄) တို့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဖက်မှ ထိခိုက်ကျဆုံးမှု များသည်ဟု သိရကြောင်း   စိုင်းမိန်းက  ပြောသည်။

“အဲဒီတိုက်ပွဲမှာ ဗိုလ်မှူးတစ်ယောက်အပါအဝင် ဆယ်ယောက်ထက်မနည်း သေတယ်လို့ ကြားရ တယ်ဗျ။ SSA ဖက်ကတော့ ထိခိုက်ဒဏ်ရာရတာပဲရှိတယ် သေတာမရှိဘူးလို့ ကြားရတယ်။ အဲဒီဗိုလ်မှူးကိုသီပေါမြို့ ထဲမှာ အလောင်းပြန်သယ်လာပြီးတော့ အသုဘ ပြန်လုပ်တယ်လို့ သိရတယ်။”

မြောက်ပိုင်း SSA ခေါ် SSPP တပ်ဖွဲ့အား ဌာနေပြည်သူ့စစ် အသွင်ပြောင်းရန် မြန်မာစစ်တပ်မှ ဖိအားပေး ပြောဆိုနေသည့်အပေါ် လက်မခံ ငြင်းဆန်ခဲ့ပြီးနောက် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခုအကြိမ်သည် အပြင်းထန်ဆုံးဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N ခေါ် SSPP တပ်ဖွဲ့နှင့် တောင်ပိုင်း SSA-S တပ်ဖွဲ့တို့ လွန်ခဲ့သည့် မေလ (၂၁) ရက်နေ့က ပူးပေါင်းလိုက်ပြီးနောက် စစ်ရေးအရ အပြန်အလှန် ကူညီသွားမည်ဟု ဗိုလ်မှူး လောဝ်ဆိုင်းက ပြောဆိုသည်။

Most read this week