တာချီလိတ် ပစ်ခတ်မှု ကလေးငယ်တစ်ဦး သေဆုံး

တာချီလိတ် ပစ်ခတ်မှု ကလေးငယ်တစ်ဦး သေဆုံး
by -
ဇော်ကြီး

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် မူးယစ်ဆေး သုံးစွဲထားသူ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် တစ်ဦးနှင့် ဒေသအာဏာပိုင် အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားရာမှ အသက်လေးနှစ်ခွဲအရွယ် ကလေးငယ် အပါအဝင် လူ(၂)ဦး သေဆုံး ...

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် မူးယစ်ဆေး သုံးစွဲထားသူ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် တစ်ဦးနှင့် ဒေသအာဏာပိုင် အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားရာမှ အသက်လေးနှစ်ခွဲအရွယ် ကလေးငယ် အပါအဝင် လူ(၂)ဦး သေဆုံးခဲ့သည်။

မူးယစ်ဆေးသုံးစွဲထားသူ ၀မ်ကျောက်လုံကျေးရွာ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်က ကလေးငယ် တစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားရာ သက်ဆိုင်ရာအာဏာပိုင်တို့က လိုက်လံရှာဖွေစဉ် ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါဆပ်ရပ်ကွက်ရှိ ဌာနဆိုင်ရာ ပူးပေါင်းဂိတ် အနီးတွင် ယမန်နေ့ညနေ က နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားရာ ကလေးငယ်သေဆုံးခဲ့သည်ဟု အာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဲ့ဒီမှာနောက်ဆုံး သေနတ်သံတွေ တိတ်သွားတဲ့ အခါကျတော့ သူ့ကားကိုရှာကြဖွေကြပြီး ကားတံခါးကို ဆွဲဖွင့်လိုက်တဲ့ အခါကျတော့ ကလေးလေးက ပြုတ်ကျလာတယ်။ ကလေးလေးပါ ပွဲချင်းပြီးတယ်။ သူကတော့ ခေါင်းမှာ ကြေမွသွားတာပေ့ါ။”  

၀မ်ကျောက်လုံကျေးရွာ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူမှာ အသက်(၅၀)ခန့်ရှိ စိုင်းနွန်းဆိုသူ ဖြစ်ပြီး သေဆုံးသွားသော ကလေးငယ်မှာ လွန်းကျိုင်းကျေးရွာမှ ဖြစ်သည်ဟု ပြောသည်။

သေဆုံးသူကလေး၏ မိဘများနှင့် စိုင်းနွန်း မူးယစ်ဆေးဝါးကိစ္စဖြင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်သည်ဟု အာဏာပိုင်အဖွဲ့က သုံးသပ်ပြောဆိုကြောင်း အဆိုပါနီးစပ်သူက ဆက်ပြောသည်။

ပစ်ခတ်မှု နာရီဝက်ခန့် ကြာမြှင့်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်နေစဉ် လမ်းတစ်ဖက်တွင် သုံးဘီးဆိုင်ကယ် ပြင်နေသည့် ခင်မောင်ဝင်း အသက်(၂၈)နှစ်လည်း ကျည်ဆံထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

တာချီလိတ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ယင်းကိစ္စမှန်ကန်ကြောင်း အတည်ပြု သော်လည်း အသေးစိတ် ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

ယင်းဖြစ်ပွားမှုကြောင့် တာချီလိတ်မြို့တွင် လုံခြံုရေးတင်းကြပ်ထားပြီး ယခင်ကလည်း မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ တာချီလိတ်မြို့နယ်အတွင်း မကြာခဏဆိုသလို ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

Most read this week