လက်နက်ကြီး ကျည်ကြောင့် ရွာသားများ ထောင်နှင့်ချီ ထွက်ပြေး

လက်နက်ကြီး ကျည်ကြောင့် ရွာသားများ ထောင်နှင့်ချီ ထွက်ပြေး
by -
ဇော်ကြီး

စစ်အစိုးရ တပ်က ပစ်ခတ်သည့် လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲ မှုကြောင့် ထောင်နှင့်ချီသည့် ကျေးရွာသားများ ထိုင်းဖက်ခြမ်းသို ထွက်ပြေး လာသည်ဟု သိရ ...

စစ်အစိုးရ တပ်က ပစ်ခတ်သည့် လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲ မှုကြောင့် ထောင်နှင့်ချီသည့် ကျေးရွာသားများ ထိုင်းဖက်ခြမ်းသို ထွက်ပြေး လာသည်ဟု သိရသည်။

စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် DKBA တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်အစိုးရတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များ ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့နယ်မှ မိုးကဲထကျေးရွာအတွင်းသို့ ယနေ့နံနက်က ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ဖြစ်တာက ညကတည်းက ဖြစ်တာ။ ဒါပေမယ့် ဒီမနက်မှ အသားကုန်ပစ်ကြတာပေ့ါ။ အဲတာ ရွာသားတွေလည်း အကုန်လုံး ပြေးတာပေ့ါ။ ဖြစ်တာက ညတုန်းကတော့ နည်းနည်းဝေးတယ်ပေ့ါ။ ဒါပေမယ့် ဒီမနက်မှာ ကျတာ ပိုများတယ်ပေ့ါ။”  

ယင်းကျေးရွာတွင် လူနှစ်ထောင်ခန့်နေထိုင်ပြီး ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုကြောင့် ထိခိုက်သော အခြေအနေကို ၄င်းက ယခုလို ဆက်ပြောသည်။

“ဒီနေ့ပစ်ကြတယ်လေ။ ပြောသံကြားတာက ရွာသားတွေလည်း ထိတယ်တဲ့။ တစ်ယောက်ပွဲချင်းပြီး သွားတယ်လို့ပြောတယ်။ တယောက်မကျန် အကုန်ထွက်ပြေး ကုန်ပြီပေ့ါနော်။ အဲတာကို ထိုင်းစစ်တပ်ဂိတ်မှာ သူတို့ကို ပေးနေထားတယ်။ အဲတာ ခနပဲပေးနေထားတယ်ပေ့ါ။ ယာယီပေ့ါ။ အခုက လက်ရှိက သူတို့တွေ ဒုက္ခရောက်နေတယ်။”  

DKBA  တပ်ဖွဲ့၏ တပ်မဟာ(၅) စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က ယနေ့နံနက်ပိုင်းက ဝေါ်လေဒေသ အုကရေ့ထနှင့် ဒီဘောဘိုး တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ ကျေးရွာသားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး ပုန်းရှောင် နေသည်ဟု ပြောသည်။

“ဖလူးကနေ ဝေါ်လေအထိ ရွာသားတွေတစ်ယောက်မှမရှိတော့ဘူး။ အိုးစွန့်အိမ်စွန့်ပြီးတော့ အသက်ဘေးကနေ ထွက်ပြေး ပုန်းရှောင် နေရတာတွေ ရှိတယ်နော်။ နေရာထိုင်ခင်းတွေလည်း သူတို့မှာ တော်တော်လေးခက်ခက်ခဲခဲရှိတယ်။ အခုဆိုလို့ရှိရင်လည်း ရာသီဥတုကလည်း အုံ့ဆိုင်း ညိုမှိုင်းနေတယ်။ မိုးရွာတဲ့ရက်တွေလည်းရွာတယ်။ သူတို့အဖွဲ့တွေအတွက် တော်တော်လေး စိတ်မကောင်းစရာပဲ။ နောက်တစုတစည်းထဲထားဖို့လည်း ထိုင်းအစိုးရကလည်း သူတို့ကို ခွင့်မပြု တာလည်းပါတယ်လေ။”

ထို့အပြင် ယမန်နေ့ညနေကလည်း စစ်အစိုးရတပ်မှပစ်ခတ်ခဲ့သည့် ၁၂ဝ မမ ကျည်ဆံများ မိုးကဲထ ကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိုင်းဖက်ခြမ်းတွင် ခိုလှုံနေသည့် ဒုက္ခသည် ကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆက်ပြောသည်။

စစ်အစိုးရနှင့် DKBA တပ်ဖွဲ့တို့ နှစ်လကျော်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်သောင်းနှင့်ချီသည့် အရပ်သားများ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးပုန်းရှောင်နေကြရပြီး အချို့မှာ နီးစပ်ရာဆွေမျိုးများထံ ခိုလှုံနေကြကာ အချို့မှာ နယ်စပ်တလျှောက်တွင် တကွဲတပြားဖြင့် အကူညီမဲ့နေသူများလည်း ရှိကြောင်း သိရသည်။

Most read this week