စစ်အစိုးရက DKBA စခန်းကို သိမ်းယူရန် ကြိုးစား

စစ်အစိုးရက DKBA စခန်းကို သိမ်းယူရန် ကြိုးစား
by -
ဇော်ကြီး

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBAတပ်ဖွဲ့ အခြေစိုက်သည့် တပ်စခန်း တစ်ခုအား စစ်အစိုးရ တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ...

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBAတပ်ဖွဲ့ အခြေစိုက်သည့် တပ်စခန်း တစ်ခုအား စစ်အစိုးရ တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဖက် ဖလူးဒေသရှိ တာ့ကိုကျိုးစခန်းအား ယမန်နေ့ နံနက်ပိုင်းမှစ၍ စစ်အစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းစခန်းအား ယနေ့နံနက် ၃ နာရီ အချိန်ခန့်က အင်အားအလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု DKBA ခွဲထွက် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နုတ်ခမ်းမွေးခေါ် ဗိုလ်မှူးကြီး စောလားပွယ်၏ အနီးကပ် အရာရှိတစ်ဦးက ယခုလို ပြောသည်။

“မနေ့ညကတော့ သူတို့အတင်းတက်လုံးတယ်။ မရတော့ ပြန်ဆုတ်သွားတယ်ပေ့ါနော်။ မနက် (၃)နာရီလောက်ကနေ (၄)နာရီခွဲလောက်ထိပေ့ါ။  တက်လာတဲ့လူတွေကို ပြောင် (အကာအကွယ်မဲ့) ကြီးမှာ ပစ်ချတယ်ဆိုတော့ တော်တော်လေးတော့ ထိတယ်လေ။ သယ်ထုတ်တာတွေလည်း မြင်နေရတယ်။ မှန်းတာကတော့ အဲဒီမှာ (၁၅)ယောက်၊ အယောက်(၂၀)၀န်းကျင် လောက်တော့ ရှိမယ်ထင်တယ်။”  

ထို့အပြင် ယနေ့နံနက်(၈)နာရီအချိန်ခန့်မှစ၍  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး မွန်းလွဲပိုင်းအချိန်အထိ လက်နက်ကြီး အလုံး(၃၀)ခန့် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆက် ပြောသည်။

ယခုဖြစ်ပွားနေသည့်တိုက်ပွဲ၌ အကျဉ်းသားများအား ပေါ်တာအထမ်းသမားများအဖြစ် စစ်အစိုးရ တပ်က အသုံးပြုနေသည်ဟု အမည်မဖော်လိုသည့် (DKBA)တပ်မှူးတစ်ဦးက ယခုလိုပြောသည်။

“သေခြာတယ် ခေါ်သုံးနေတယ်နော်။ ဘယ်လိုလဲဆိုတော့ ကျနော်တို့ အပေါ်ကုန်းကနေ လှမ်းမြင်ရတယ်လေနော်။ အဲဒီအကျဉ်းသားသမားတွေရော လူနာတွေကို ထမ်းရပို့ရသယ်ရတယ် လေနော်။”  

လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်မှစ၍ အင်းစိန်၊ မော်လမြိုင်နှင့် ဖားအံ အကျဉ်းထောင်များမှ ထုတ်ယူလာသည့် အကျဉ်းသား (၈၀၀)ခန့်ရှိပြီး ၎င်းတို့အား စစ်မြေပြင်၌ အထမ်းသမားအဖြစ် အသုံးပြုမည်ဟုခန့်မှန်းရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့၏ စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ယခုလိုပြောသည်။

“ဘာကြောင့်လည်းဆိုတော့ လောလောဆယ် တိုက်ပွဲဖြစ်နေစဉ်တလျှောက်လုံးမှာ ပုံမှန်သုံးနေတဲ့ ယာဉ်သုံးတဲ့လမ်းတွေက သူတို့သုံးလို့မရဘူး၊ လုံခြံုမှုမရှိဘူးလို ဖြစ်နေတဲ့အခါကျတော့ စစ်ချီ စစ်တက်လမ်းကြောင်းတွေက တောတောင်တွေပေါ် အများဆုံး အားထားပြီးတော့ အသုံးပြုရမယ့် သဘောဖြစ်တော့ အဲဒီတောတောင်တွေမှာ ယာဉ်တွေက အသွားအလာလုပ်လို့မရတော့ အဲဒီအထမ်းသမားတွေကိုဘဲ အဓိက အသုံးပြုမယ့်သဘောတော့ ရှိတယ်။”  

ထို့အပြင် လွန်ခဲ့သည့်ရွေးကောက်ပွဲကာလကစတင်၍ ဒီဇင်ဘာလကုန်ပိုင်းအထိ ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း (၅၆)ကြိမ်အနက် တိုက်ပွဲကြီး အကြိမ်(၂၀)ခန့် ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ အရာရှိနှစ်ဦးအပါအဝင် လူပေါင်း(၆၀)ခန့် ကျဆုံးခဲ့ကာ(၁၅၀)ကျော် ဒဏ်ရာရခဲ့ပြီး မဟာမိတ်တပ်ဖက်မှ (၃)ဦးကျဆုံး၍ (၉)ဦး ဒဏ်ရာရခဲ့သည်ဟု  သိရကြောင်းဆက်ပြောသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် နို၀င်ဘာလဆန်းပိုင်းကစ၍ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့်  တိုက်ပွဲများ တွင် စစ်အစိုးရဖက်မှ တပ်ရင်း (၁၈)ရင်းခန့် အင်အားတိုးမြှင့်လာပြီး မကြာမီထိုးစစ်ကြီး အနေနှင့် ဆင်နွဲလာနိုင်ကြောင်း ကိုခင်ကျော်က သုံးသပ်ပြောဆိုသည်။

“အခုလောလောဆယ် တရက်နှစ်ရက်လောက်ကစပြီးတော့ ရန်သူ့ရဲ့ လှုပ်ရှားမှုက ထိုးစစ်အပြုအမူ ဖက်ကို နည်းနည်းပါလာတယ်။ ပြီးတဲ့အခါကျတော့ ရန်သူသွေးတိုးစမ်းလှုပ်ရှားမှုတွေ ရှိလာတဲ့ အခါကျတော့ ထိုးစစ်အပြုအမူတော့ နည်းနည်းစလာပြီပေ့ါ။ မကြာခင်မှာတော့ ထိုးစစ်တခုခုကို စမယ့်သဘောတော့ ရှိမယ်လို့ ကျနော်သုံးသပ်တယ်။ အထူးသဖြင့်တော့ DKBA နဲ့ အခုဖြစ်နေတဲ့ စစ်ပွဲဂွင်နဲ့ ပတ်သက်လို့ပေ့ါနော်။”  

ယခုဖြစ်ပွားနေသည့် တိုက်ပွဲများတွင် (DKBA) တပ်ဖွဲ့နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU)လက်အောက်ခံ တပ်ဖွဲ့များနှင့် (ABSDF) တပ်ဖွဲ့ဝင်များ ပူးပေါင်းပါ၀င်ခဲ့သည်။

Most read this week