မလေးရှားတွင် ကျင်းပသော ဒေါ်စုမွေးနေ့ပွဲ၌ ဖမ်းဆီးခံရသူများ မလွတ်သေး

မလေးရှားတွင် ကျင်းပသော ဒေါ်စုမွေးနေ့ပွဲ၌ ဖမ်းဆီးခံရသူများ မလွတ်သေး
by -
ဇော်ကြီး
မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနား၌ ဖမ်းဆီးခံရသူ(၁၄)ဦးမှာ မလေး ရှားအချုပ်ထဲ၌ အထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု  မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့များကပြော ...

 
မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနား၌ ဖမ်းဆီးခံရသူ(၁၄)ဦးမှာ မလေး ရှားအချုပ်ထဲ၌ အထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု  မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့များကပြောသည်။
 
ယခုလ (၁၉) ရက်နေ့က ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ အခမ်းအနားပြုလုပ်ရာ တွင် တရားဝင်ခွင့်ပြုချက် ရယူခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံသား ၁၆ ဦးအား မလေးရှား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 
တရားဝင်အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူ နှစ်ဦးကိုသာ ပြန်လွတ်ပေးကာ ကျန်သူများကို ထိန်းသိမ်း ထားဆဲဟု မလေးရှားအခြေစိုက် မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေးကော်မတီ (BWRPC) မှ ကိုကျော်ထူးအောင်က ယခုလို ပြောသည်။
 
“အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီမှာလည်းတော်တော်လေးကိုဂယက်ရိုက်သွားတယ်။ သူတို့ လွတ်တယ် ပြောတဲ့သူတွေကလည်း ကျနော်တို့လူတွေချည်းပဲ။ ကျနော်တို့ဆီလည်း ပြန်မရောက် လာဘူး၊ ရဲစခန်း မှာမေးတော့လည်းမလွတ်သေးဘူး။ ရှေ့နေတွေဘာတွေကို မေးတော့လည်း မလွတ်သေးဘူး။ နောက် ဆုံး ကျနော်တို့ အတည်ပြုထားတာက လုံးဝ မလွတ်သေးဘူး။ရဲစခန်းက ကိုယ်တိုင်ကပြောတာ မလွတ် သေးဘူးတဲ့။”
 
ထိမ်းသိမ်းခံရသူများထဲ၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အသိအမှတ်ပြု ထုတ်ပေး ထားသည့် လက်မှတ်ကိုင်ဆောင်ထားသူ ၆ ဦးပါ၀င်ပြီး ၎င်းတို့အား ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် “အဲဒီအဖမ်းခံရတဲ့ အထဲမှာ ကျနော်တို့လူ ၃ ယောက် ပါတယ်။ ကျနော်တို့လူ ၃ ယောက်စလုံးက UNHCR လက်မှတ်တွေနဲ့ပဲ။ နောက်ထပ် ၃ ယောက်ပဲ UNHCR လက်မှတ်ရှိတယ်။ အကယ်၍ ၆ ယောက်လွတ်လာတယ်ဆိုရင် အဲဒီ UNHCR မှတ်ပုံတင်ထားတဲ့သူ ၆ ယောက်ပဲဖြစ်နိုင် တယ်။ ဒါပေမယ့် အဲဒီ ၆ ယောက် စလုံး ကျနော်တို့ကို ဘယ်သူမှ အဆက်အသွယ် မလုပ်သေးဘူး။ UNHCR ကိုဖုန်းဆက်တော့လည်း သူတို့မသွားရသေးဘူး။” ဟု ၎င်းက ဆက်ပြောသည်။
 
ထိုနေ့ညက အဖမ်းခံရသူပေါင်း ၁၆ ဦးရှိပြီး တရားဝင်လက်မှတ်ကိုင်ဆောင်ထားသူ ၂ ဦးကို ပြန်လွတ်ပေးခဲ့ကာ ကျန် ၁၄ ဦးအား ယနေ့တိုင် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု အဖမ်းခံရ သည့်ညက ပြန်လွတ်လာသူ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီမှ ကိုမင်းသိန်းကယခုလို အတည်ပြုပြောသည်။
 
“လုံးဝတော့ မလွတ်သေးဘူး။ မလွတ်သေးဘူးဆိုတာ အဲတာတော့ ကျိန်းသေတယ်။ လွတ်တာနဲ့ ကျ နော်တို့ အကုန်လုံး အဆက်အသွယ်ရှိတယ်။ အဓိကကတော့ အဲဒီမှာ ဦးစီးပြီး လုပ်နေတာက ရှေ့နေ များကောင်စီက ဂျနီဖားဆိုတဲ့ ရှေ့နေမပေါ့။ အဲ့ဒီညက သူကိုယ်တိုင် လည်းပါတယ်။ သူကိုယ်တိုင် ဦးစီးပြီး အဲဒီကိစ္စကို လိုက်နေတာ။ တကယ်လို့ လွတ်လာတယ် ဆိုရင် ကျနော်တို့ အားလုံးသိမှာပေ့ါ။”
 
လောလောဆယ်အခြေအနေအရ ထိန်းသိမ်းခံထားရသူများအား မည်သည့်ပုဒ်မဖြင့် တရားစွဲ မည်ကို မသိရသေး သော်လည်း တရားမဝင် ၀င်ရောက်မှုဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြော သည်။
 
အဖမ်းဆီးခံထားရသူများအနက် ရခိုင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ (ARRC) မှ ဒု-ဥက္ကဋ္ဌ ကိုသန်းဦးလည်း ပါ၀င်ပြီး UNHCR လက်မှတ်ကိုင်ထားသူများအား လွတ်ပေးလိုက်သည့် သတင်းကို အတည်မပြုနိုင်သေးဟု ARRC မှ ကိုခိုင်အေးက ပြောသည်။
 
မလေးရှား ဥပဒေအရ အထိန်းသိမ်းခံထားရသူများအား တွေ့ဆုံခွင့်ကို ပိတ်ပင်ထားကာ ထိန်းသိမ်းပြီး ၁၄ ရက် ကြာမှတွေ့ဆုံခွင့်ရနိုင်ပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူခံရနိုင်သည်ဟု မြန်မာ့အရေး ဆောင်ရွက်နေသူများက ခန့်မှန်းကြသည်။
 
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို မလေးရှားအတိုက်အခံပါတီ Parkatan Rakyat (PKR) မှ ဦးဆောင် ပြုလုပ်၍ မလေးရှား NGO အဖွဲ့အစည်းများနှင့် မြန်မာ့အရေး ဆောင်ရွက် နေသူများ တက်ရောက်ခဲ့ကြသည်။

Most read this week