တိုင်းရင်းသားလူငယ် (၃) ဖွဲ့ပေါင်း စစ်တပ်မှ မြေယာ သိမ်းဆည်းမှု အစီရင်ခံစာ ထုတ်ပြန်

တိုင်းရင်းသားလူငယ် (၃) ဖွဲ့ပေါင်း စစ်တပ်မှ မြေယာ သိမ်းဆည်းမှု အစီရင်ခံစာ ထုတ်ပြန်
by -
ဇော်ကြီး
တိုင်းရင်းသားလူငယ်အဖွဲ့ (၃)ဖွဲ့ပေါင်း၍ တိုင်းရင်းသားဒေသများတွင် မြေယာသိမ်းပိုက််ခံရခြင်းနှင့် ပတ်သက် သည့် အစီရင်ခံစာတစောင် ယနေ့ ထုတ်ဝေလိုက်သည်။ ‘ကျွနု်ပ်တို့၏ မြေယာများကို သိမ်းပိုက်ထားခြင်း” ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး ...

တိုင်းရင်းသားလူငယ်အဖွဲ့ (၃)ဖွဲ့ပေါင်း၍ တိုင်းရင်းသားဒေသများတွင် မြေယာသိမ်းပိုက််ခံရခြင်းနှင့် ပတ်သက် သည့် အစီရင်ခံစာတစောင် ယနေ့ ထုတ်ဝေလိုက်သည်။

‘ကျွနု်ပ်တို့၏ မြေယာများကို သိမ်းပိုက်ထားခြင်း” ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)၊ တိုိးတက်သော မွန်လူငယ် အစည်းအရုံး (MYPO)နှင့် ပအိုဝ်းလူငယ် အစည်းအရုံး (PYO)တို့ စုပေါင်း၍ ထုတ်ဝေခြင်းဖြစ်သည်။

အစီရင်ခံစာ ခေါင်းစဉ်တပ်ရခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး အထွေထွေအတွင်းရေးမှူး အောင်မင်းဦးက ယခုလိုပြောသည်။

“အဓိကကတော့ ကျနော်တို့ ဒီတိုင်းရင်းသားဒေသတွေမှာပေ့ါနော် မြေယာသိမ်းမှုတွေ ဖြစ်တယ်။ အဲတာကို နိုင်ငံတကာကရော ပြည်တွင်းပြည်ပက အတိုက်အခံအင်အားစု တွေရော သိပ်မသိ ကြဘူးပေ့ါနော်။ ကျနော်တို့ဒီလိုမျိုးလုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတကာကလည်း သိလာမယ် ဒီ်အတိုက် အခံ အင်အားစုတွေလည်း သိလာမယ်ပေါ့နော်။ နောက်တခုက ပြည်ထဲကလူတွေပေ့ါနော်၊ ရေဒီယို နားထောင်တဲ့သူတွေ၊ ဒီဖက်ကထုတ်တဲ့ စာစောင် တွေကိုကြည့်ဖို့ အခွင့်အလမ်းရတဲ့သူတွေပေ့ါနော်၊ သူတို့လည်း သိသွားမှာပေ့ါနော်။ ဒါကြောင့်မို့ ကျနော်တို့ ရီပို့စ် ခေါင်းစဉ်ကိုလည်း ကျွနု်ပ်တို့၏ နယ်မြေများ ကို သိမ်းပိုက် ထားခြင်းလို့ ပေးရခြင်း ဖြစ်ပါတယ်။”

ဒေသခံများအနေဖြင့် လျော်ကြေးတစုံတရာမရဘဲ မြေယာအသိမ်းခံရမှုများအပြင် စစ်တပ် တည်ဆောက်ခြင်းနှင့် အခြားတပ်တွင်း လုပ်ငန်းများ၌ အဓမ္မ လုပ်အားပေးစေခိုင်းခံရမှုများ လည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့တန်းလျားတွေဆောက်တဲ့ဟာ၊ အဆောက်အဦတို့ ဆောက်တဲ့ဟာ၊ လမ်းတံတား တွေဆောက်တဲ့ ဟာပေ့ါ သူတို့လုပ်ပေးရတာတွေရှိတယ် ရွာသားတွေအနေနဲ့ပေ့ါနော်။ နောက်တခုက သူတို့ပုဇွန်ကန်တို့ ငါးကန်တို့ လုပ်တဲ့ခါမှာလည်း လုပ်အားပေးရတာလည်း ရှိတယ်။ လယ်တွေကိုသိမ်းတယ်။ အဲဒီရွာသား တွေဆီက လယ်တွေကို သိမ်းတယ်။ အဲဒီ ရွာသားတွေကပဲ အဲဒီလယ်တွေကိုထွန်ပေးရတယ်။ ရိတ်သိမ်းပေးရတာပေ့ါ။ ကောက်ပဲသီးနှံတွေ။ ကိုယ့်ဟာနဲ့ကိုယ်လာပြီး ကိုယ့်ထမင်းနဲ့ ကိုယ်ယူလာ ပြီးတော့ လုပ်အားပေးရ တယ်။ လျော်ကြေးပေးတာတွေ တန်ရာတန်ကြေးပေးတာတွေမရှိဘူး။”

၁၉၉၅ မှ ၂ဝဝ၅ ခုနှစ်အတွင်း၌ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသမှ ဒေသခံများ၏ မြေယာသိမ်းခံရမှုကြောင့် အလုပ်လက်မဲ့များလာပြီး ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလာသည်ဟု ပအိုဝ်းလူငယ်များအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ခွန်ချန်ကီ က ယခုလို ပြောသည်။

“ကျနော်တို့ ပအိုဝ်းဒေသမှာဆိုရင် ရှမ်းပြည်တောင်ပိုင်းမှာဆိုရင် ဘိန်းစိုက်ပျိုးမှုများ လာတယ်။ အခုအစိုးရက ပြောနေတယ် ဘိန်းအစားထိုးသီးနှံလို့ ပြောနေတယ်။ တကယ်တန်းကျတော့ ဘိန်းအစားထိုး သီးနှံ မဟုတ်ဖူး။ သီးနှံအစားထိုးဘိန်းလို့ ကျနော်တို့ ဆိုလိုချင်တယ်။ ဒါကြောင့် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာကို သူတို့ကမြေသိမ်းတာ၊ သိမ်းပြီးတော့မှ လူတွေက မြေကွက်ကိုထပ်ရဖို့ မလွယ်ဘူးလေ။ အဲတာ ဘိန်းလုပ်ငန်းကို စိတ်ဝင် စားလာကြတယ်။ တောင်ပေါ် ဒေသတွေမှာ အဲလိုမျိုး ဘိန်းကိုစိုက်လာကြတာပေ့ါ။”

လွန်ခဲ့သည့် ၁ဝ နှစ် အတွင်းက ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသတို့တွင် မြန်မာစစ်အစိုးရ တပ်ရင်းများတိုးချဲ့ချထားမှုကြောင့် ဒေသခံတို့၏ မြေယာများ တပ်ပိုင်မြေအဖြစ် အသိမ်းခံခဲ့ ရခြင်းကို ၂ဝဝ၈ ခုနှစ်အတွင်းက စစ်တမ်း ကောက်ယူ၍ ဖော်ပြခဲ့ခြင်းဖြစ်သည် အစီရင်ခံတွင် ဖော်ပြထားသည်။

Most read this week