နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲ ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် အကောင်းမြင်

နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲ ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် အကောင်းမြင်
by -
နိရဥ္စရာ

အောက်တိုဘာလ ၃၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပရန် စီစဉ်ထားသော နိုင်ငံတော် သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ ပါ၀င်မည့် နိုင်ငံရေး ထိပ်သီးဆွေး နွေးပွဲကို ရခိုင်ခေါင်းဆောင် ဦးအေးသာအောင်က အကောင်းဘက်မှ ရှု့မြင်သုံးသပ်လိုက်သည်။

“လက်ရှိ  မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ဖြစ်ဖို့အတွက် ခုလို နိုင်ငံရေး ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေ တွေ့ဆုံတာက ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ဖြေရှင်းရမယ့်ပြသနာတွေ များစွာ ရှိပါတယ်။ အဲဒီအထဲမှာ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တွေဟာ အဓိက ကျပါတယ်။ တွေ့ဆုံတာက ကောင်းတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

U-aye-Tha-Aung

သို့သော်လည်း ယခုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအတွက် ကောင်းသော အဖြေတစ်ခု ထွက်လာမည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရမှာ ဖြစ်ကြောင်းသူက ပြောဆိုသည်။

“ သူတို့ ဘာတွေကို ဆွေးနွေးကြမလဲ။ ဘယ်လိုကိစ္စတွေ အတွက် ဒီနိုင်ငံရေး ဆွေးနွေးပွဲတွေကို ပြုလုပ်ကြသလဲ။ ဒါတွေကို မသိတဲ့ အတွက် ပြောဖို့တော့ခက်တယ်။ မြန်မာနိုင်ငံအတွက် ဒီဆွေးနွေးပွဲက ကောင်းတဲ့ ရလဒ်တစ်ခု ထွက်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

နိုင်ငံရေးထိပ်သီး အစည်းအဝေးသို့ တက်ရောက်ကြမည့် ခေါင်းဆောင်များမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း၊ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းအမျိုးသာဒီမိုုကရေစီအဖွဲ့ချုပ်က SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊  ရှမ်းတိုုင်းရင်းသားများ တိုုးတက်ရေးပါတီ SNDP ဥက္ကဋ္ဌ ဦးစိုုင်းအိုုက်ပေါင်း၊ NDF ပါတီ ဥက္ကဋ္ဌ ဦး ခင်မောင်ဆွေ၊ ပြည်ခိုုင်ဖြိုးပါတီ ဒု-ုဥက္ကဋ္ဌ ဦးဌေးဦးနှင့် တိုုင်းရင်းသား စည်းလုံုး ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦး သန်းတင်တိုု့  အပါအဝင် ခေါင်းဆောင် ၁၄ ဦးဖြစ်ကြောင်း သိရသည်။

ယခုဆွေးနွေးပွဲသို့ ရှမ်းအမျိုးသားခေါင်းဆောင် ဦးခွန်ထွန်းဦးမှာ ညီညွှတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) အတွက် ကိုယ်စားပြုတက်ရောက်မည် ဖြစ်ပြီး ဦးစိုင်းအိုက်ပေါင်းကို ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ကို ကိုယ်စားပြု တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံတော်အတွက် အရေးကြီးသော တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ် တစ်ခုကို ကိုယ်စားပြုသူ  တစ်ဦးကျစီ ဖိတ်ကြားခြင်းက ပိုမို ကောင်းမွန်မည်ဟု ဦးအေးသာအောင်က ဆိုသည်။

“ အမှန်ကတော့ ရှမ်းခေါင်းဆောင် နှစ်ဦးကို တိုင်းရင်းသား လူမျိုးတွေကို ကိုယ်စားပြုပြီး ဖိတ်တယ်ဆိုပေမယ့် တစ်ခြား တိုင်းရင်းသား လူမျိုးတွေအထဲကလည်း ကိုယ်စားပြုသူတွေ တစ်ဦးကျစီ ဖိတ်ကြားရင်တော့ ပိုပြီး သင့်တော်ကောင်းမွန်မယ်လို့ ယူဆပါတယ်” ဟု ဆိုသည်။

ယခုဆွေးနွေးပွဲအား နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

Most read this week