ဟိန္ဒူ စန္ဒီမယ်တော် ပူဇော်ပွဲ စစ်တွေမြို့တွင် ၄ ရက်ကြာကျင်းပ

ဟိန္ဒူ စန္ဒီမယ်တော် ပူဇော်ပွဲ စစ်တွေမြို့တွင် ၄ ရက်ကြာကျင်းပ
by -
နိရဥ္စရာ

ဟိန္ဒူပွဲတော် ၁၃-ပွဲအနက်မှ ပွဲတော်တစ်ခုဖြစ်သော စန္ဒီမယ်တော် ပူဇော်ပွဲကို စစ်တွေမြို့ရှိ ဟိန္ဒူဘုရား ကျောင်းများတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

ယခုစန္ဒီမယ်တော်ပူဇော်ပွဲတွင် ဆီမီးတစ်ထောင်နှင့် ကြာပန်းတစ်ထောင် ပူဇော်လေ့ရှိကြောင်း၊ ယခု ပူဇော်ပွဲတွင် ဆီမီးခွက် ၁၀၈-ခွက်နှင့် ကြာပန်းပွင့် ၁၀၈-ပွင့် ပူဇော်နေကြောင်း၊ ယခုကဲ့သို့ ပူဇော်ရခြင်းမှာ ဘုရားကျောင်းကျဉ်း၍ ဖြစ်ကြောင်း ပူဇော်ပွဲစီစဉ်သူ ဟိန္ဒူအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းပွဲတော်ရက်အတွင်း ၀ါကျွတ်လဆန်း ရ-ရက်၊ ၈-ရက်နှင့် ၉-ရက်ကို ဦးပုဒ်နေ့အဖြစ် သတ်မှတ်၍ ဦးပုဒ်စောင့်ကြသည်ဟုဆိုသည်။ ဦးပုဒ်စောင့်စဉ် လဆန်း ရ-ရက်နှင့် ၈-ရက်တွင် သက်သက်လွတ် စား၍ရသော်ည်း ၈-ရက်နေ့တွင်မူ မီးလွတ် သက်သက်လွတ်စားရသည်ဟု သိရသည်။

သက်သက်လွတ်ချက်ရာ၌လည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အချိုမုန့်များကို အသုံးမပြုဟု ယင်းဟိန္ဒူ အမျိုးသမီးကပြောသည်။

စစ်တွေမြို့တွင် ဟိန္ဒူဘုရားကျောင်း ၄-ကျောင်းရှိပြီး ၎င်းကျောင်းများမှာ ကျောင်းတက်လမ်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ကုန်တန်းရပ်ကွက်နှင့် ကျောင်းကြီးလမ်းရပ်ကွက်တို့တွင် တည်ရှိသည်။

“တစ်နှစ်မှာတစ်ခါကျတဲ့အတွက် ပျော်ပါတယ်။ ရခိုင်လူမျိုးတွေနဲ့အတူနေရတာ အဆင်ပြေပါတယ်။ ဟိန္ဒူဆိုပြီး တော့ ခွဲခြားတာတွေ သိပ်မရှိပါဘူး”ဟု စန္ဒီမယ်တော်ပူဇော်ပွဲသို့ သွားရောက်ခဲ့သည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ယောက်က ပြောသည်။

ပွဲတော်နောက်ဆုံးနေ့တွင် စန္ဒီမယ်တော်ပုံကို မြစ်ထဲ၌မျှောလေ့ရှိသော်လည်း နောက်ပိုင်းတွင် ယင်းရုပ်ထုကို ပြုလုပ်နိုင်သူမရှိတော့၍ မင်္ဂလာအိုးကိုသာ မျှောရကြောင်း ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ယောက်က ပြောသည်။

ဟိန္ဒူဘုရားကျောင်းများတွင် ဟိန္ဒူဘုရားပုံများကို စေတီကဲ့သို့ ထွင်းထု တည်ဆောက် လေ့ရှိသော်လည်း ဗိသုကာပညာရှင်မရှိမှုနှင့် ငွေကြေးမတတ်နိုင်၍ စစ်တွေမြို့ရှိ ဟိန္ဒူဘုရားကျောင်းများတွင် ယင်းကဲ့သို့ မထွင်းထုနိုင်၍ သာမန်ဘုရားကျောင်းအဖြစ်သာ တည်ဆောက်ထားရကြောင်း ဟိန္ဒူဘာသာဝင် ဦးစိန်ထွန်းအောင်က ပြောသည်။

၂၀၁၂-ခုနှစ် ရခိုင်-ဘင်္ဂလီ အရေးအခင်းတွင်မူ ဟိန္ဒူဘာသာဝင် ၂၂-ယောက် အသက် ဆုံးရှုံး ခဲ့ရကြောင်း၊ ဟိန္ဒူ ဘာသာဝင်များ အနေဖြင့် မူဆလင်များနှင့် ထင်ယောင်ထင်မှား မဖြစ်စေရန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် ဟိန္ဒူဘုရားကျောင်းများတွင် ခိုလုံနေခဲ့ရပြီး အလိုတော်ပြည့်ဆရာတော်၊ အဓိဌာန် ဆရာတော်နှင့် အခြားဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအပါအဝင် ရခိုင်လူမျိုးတို့၏ ကူညီ စောင့်ရှောက်မှုကို အပြည့်အဝရခဲ့ကြသည်ဟု သူက ဆက်ဆိုသည်။

ယင်းကဲ့သို့ အရေးအခင်းဖြစ်ခဲ့သော်လည်း ဟိန္ဒူပွဲတော်များကို ပျက်ကွက်ခြင်းမရှိပဲ ၂၀၁၂ နှစ်၊ ၂၀၁၃နှစ်၊ ၂၀၁၄-ခုနှစ်များတွင်လည်း ယခင်ကအတိုင်း ဆက်တိုက်ကျင်းပနိုင်ခဲ့ကြသည်ဟုသိရသည်။

စစ်တွေမြို့တွင် ဟိန္ဒူဘာသာဝင်ပေါင်း ၂၉၅၀-ဦးရှိပြီး ရခိုင်၊ မာရမာကြီး လူမျိုးတို့နှင့် အတူ ရောနှော နေထိုင်နေကြသည်ဟု သိရသည်။