အိမ်တစ်အိမ်နှစ်ကြိမ် ဖောက်ထွင်းခံရသော်လည်း တရားခံကို မမိသေး

အိမ်တစ်အိမ်နှစ်ကြိမ် ဖောက်ထွင်းခံရသော်လည်း တရားခံကို မမိသေး
by -
နိရဥ္စရာ

လွန်ခဲ့သော လပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာရှိ အိမ်တစ်အိမ်တွင် ရွှေနှင့် အခြားပစ္စည်းများအား နှစ်ကြိမ်တိုင်တိုင် ဖောက်ထွင်းခိုးယူမှု ဖြစ်ပေါ်ခဲ့သော်လည်း တရားခံအား ယခုအချိန်ထိ ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ဖောက်ထွင်းခိုးယူခံရသူ မိသားစုက ပြောဆိုသည်။

ဖောက်ထွင်းခံရသည့် အိမ်မှာ သရက်တပင်ကျေးရွာ(ရွာသစ်)မှ ဦးမောင်ကျော်အေးနှင့် ဒေါ်ရီရီသန်းတို့ နေထိုင်သော အိမ်ဖြစ်သည်။

ယင်းအိမ်မှ လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဇွန်လ(၂၇)ရက်နေ့တွင် တစ်ကြိမ်၊ ဇူလိုင်လ (၁၂) ရက်နေ့တွင် တစ်ကြိမ် ဖောက်ထွင်း ခိုးယူခံခဲ့ရကာ ရွှေဆွဲကုံး(၁)ကုံး၊ လက်ကောက်(၇)ကွင်း၊ ဖုန်းဟန်းဆက်တစ်လုံးနှင့် အခြား ပစ္စည်းများအပါအဝင် စုစုပေါင်း ကျပ်သိန်း(၂၀)ဖိုးခန့် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း အိမ်ရှင်အမျိုးသမီး၏ အစ်မဖြစ်သူ ဒေါ်သန်းသန်းနုက ပြောသည်။

“ကျွန်မ ညီမက နေမကောင်းလို့ အိပ်နေတာ၊ အိမ်ကို ဖေါက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူသွားတာပဲ” ဟု ၎င်းက ပြောသည်။

ထိုသို့ ဖောက်ထွင်းခိုးယူခံရသဖြင့် ကျောက်တော်မြို့နယ်ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ ပထမတစ်ကြိမ်တွင် အမှုမဖွင့်ပေးခဲ့ဘဲ၊ (၁၅)ရက်အကြာ ဒုတိယအကြိမ် အခိုးခံရမှ အမှုဖွင့်ဖြစ်ခဲ့ကြောင်း ဒေါ်သန်းသန်းနုက ဆက်လက် ပြောဆိုသည်။

“ နှစ်ကြိမ်အခိုးခံရတာလေ၊ အမှန်တော့ နှစ်ကြိမ်ဖွင့်ပေးရမှာပေ့ါ။ ခုထိတော့ ဘာမှ လုပ်မပေးနိုင်သေးဘူး၊ ဘယ်အချိန်ရှိပြီလဲ။ တတိယအကြိမ် လာခိုးမှာကို အိမ်သားတွေက ကြောက်နေကြတယ်” ဟု သူမက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ အမှုအား တာဝန်ယူ စစ်ဆေးနေသူ ရဲအုပ် ဌေးဇော်မှ ယခုလို ဖြေကြားသည်။

“မိသားစုတွေနဲ့ တိုင်ပင်ပြီး တရားခံကို ဖေါ်ထုတ်နိုင်အောင် လုပ်နေပါတယ်။ သူတို့ မိသားစုကိုလည်း ပတ်ဝန်းကျင်မှာ မသင်္ကာတဲ့ လူတွေတွေ့ရင် ချက်ချင်း အကြောင်းကြားဖို့ ပြောထားပါတယ်” ဟု ၎င်းက ပြောသည်။

ယခု အချိန်တွင် တရားခံအား ဖော်ထုတ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း၊ ပျောက်ဆုံးသွားသည့် ရွှေထည်ပစ္စည်းများ၏ ပုံစံများဖြင့် ကျောက်တော်ရှိ ရွှေဆိုင်များတွင် ပစ္စည်းပျောက်ကြေငြာထားပြီး အခြားမြို့နယ်များရှိ ရဲဌာနများသို့ သတင်းပို့ထားကြောင်း ရဲအုပ် ဌေးဇော်မှ ဆက်လက် ပြောဆိုသည်။

“လာတိုင်တဲ့ ပုံစံတွေကို ယူပြီး ရွှေဆိုင်တွေမှာ ပစ္စည်းပျောက် ကြော်ငြာထားပါတယ်။ အခြား ရဲစခန်းတွေ၊ မြို့နယ်တွေကိုလည်း ဒီပုံစံတွေနဲ့ ပစ္စည်းတွေ လာရောင်းတာ၊ ပေါင်နှံတာတွေ တွေ့ရင် ကျွန်တော်တို့ကို လှမ်းအကြောင်းကြားဖို့ ပြောထားပါတယ်” ဟု အဆိုပါ ရဲအုပ်မှ ပြောသည်။

အဆိုပါ ဖြစ်စဉ်အား ကျောက်တော်မြို့နယ် ရဲစခန်းတွင် ပုဒ်မ (၃၈၀) ဖြင့် အမှုဖွင့်ထားပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ အမူပေါ်ပေါက်ရေးအတွက်  ဆောင်ရွက်နေကြောင်း အမှုစစ် ရဲအုပ်မှ ပြောဆိုသည်။

Most read this week