အချက် (၆) ချက်ကို ဆန္ဒဖေါ်ထုတ်မည့့် ဂွမြို့သားတို့ အစီအစဉ် ရဲတပ်ဖွဲ့က ခွင့်မပြု

အချက် (၆) ချက်ကို ဆန္ဒဖေါ်ထုတ်မည့့် ဂွမြို့သားတို့ အစီအစဉ် ရဲတပ်ဖွဲ့က ခွင့်မပြု
by -
နိရဥ္စရာ

ဆုံးရှံုးနေသော အခွင့်အရေးများအတွက် ဆန္ဒဖေါ်ထုတ်ကြမည့် ရခိုင်ပြည်နယ် ဂွမြို့ ဒေသခံများ၏ အစီအစဉ်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်မပြုသဖြင့် ယခုအခါ ယင်းအစီအစဉ်အား ယာယီရပ်နား ထားလိုက်ရသည်ဟု အငြိမ်းစား ဗဟိုတရားရုံး  ရှေ့နေ တစ်ဦးဖြစ်သူ ဦးတင်ညိုက ပြောသည်။

“ ကျွန်တော်တို့က ဇွန်လ ရ ရက်နေ့မှာ ဂွမြို့မှာ ဆန္ဒဖေါ်ထုတ်မယ်ဆိုပြီး ခွင့်ပြုချက်တင်ပါတယ်။ ဒါကို မြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုဘူူး။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် လူကြီးတွေက ဆွေးနွေးပြီး ခွင့်မပြုလို့ဆိုတဲ့ အတွက် ပယ်ချခံရတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု သူက ဆိုသည်။

Gwa-Photo-by-Narinjara

ဂွမြို့နယ် ဒေသခံများအနေဖြင့် သူတို့ ဒေသအတွက် လိုအပ်ချက်များကို နိုင်ငံတော် အကြီးအကဲများ သိရှိအောင် ဆန္ဒဖေါ်ထုတ် တင်ပြရန် စီစဉ်ခြင်းသာ ဖြစ်ပြီး နိုင်ငံတော် အစိုးရအား ဆန့်ကျင်ရန် ပြုလုပ်ခြင်း မဟုတ်၍ မြို့နယ် ရဲတပ်ဖွဲ့ရုံး၏ ငြင်းပယ်မူ အပေါ် နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။

“ ကျွန်တော်တို့က ပြည်သူ့ဘဏ္ဍာငွေနဲ့ ဆောက်လုပ်နေတဲ့ အဆောက်အဦး လမ်းတံတားတွေ ပွင့်လင်း မြင်သာမူရှိရေး၊ ဂွမြို့အနီး ချောင်းကူးတံတား ဆည်ဆောက်ရေး၊ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ဂွမြို့တွင် ရရှိရေး၊ စီးပွားရေး လုပ်ငန်းရှင်များအား ကျေးရွာများမှ၂ မိုင်အတွင်း မြေလွတ် မြေရိုင်းများ ဖေါ်ထုတ်ခွင့် မပြုရေး၊  သိမ်းထားတဲ့  ဆင်းရဲသား လူတန်းစားတွေပိုင်ဆိုင်တဲ့ ဂွမြို့က ဦးရွှေလယ်ကုန်း မြေနေရာ ပြန်ပေးရေးနဲ့ လယ်သမားတွေ လယ်ယာမြေကို ပေါင်နှံခွင့်ရရှိရေးတို့ အတွက် ဆန္ဒဖေါ်ထုတ်ခွင့် တင်တာ ဖြစ်ပါတယ်” ဟု  ဆိုသည်။

အဆောက်အဦးများနှင့် လမ်းတံတားများ ဆောက်လုပ်ရာတွင် ပွင့်လင်းမြင်သာမူ ရှိရန် တောင်းဆိုရခြင်းနှင့့် ပတ်သက်ပြီး ဦးတင်ညိုက ယခုလို ရှင်းပြပြောဆိုသည်။

“ အဓိကတော့ ပြည်သူ့ ဘဏ္ဍာ ဆုံးရှံုးမူ နည်းပါးရေး အတွက်ပေါ့ဗျာ။ အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှန်သမျှ ပြည်သူတွေကို အသိပေးဖို့ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ကျောင်းဆောင် တစ်ဆောင် ဆောက်မယ်ဆိုရင် ဘတ်ဂျက်ငွေ ဘယ်လောက်ခွင့်ပြုတယ်။ သံချောင်း ဘယ်နှစ်ချောင်း သုံးမယ်။ ဘိလပ်မြေ ဘယ်နှစ်အိတ်သုံးမယ်စတာတွေကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှေ့မှာ ကပ်ထားဖို့ပေါ့ဗျာ။ အခု ဖြစ်နေတာက ပြည်သူတွေက ဘာမှ သိခွင့်မရဘူး။ အဲဒီတော့ ပြည်သူတွေကြားမှာ သံသယတွေ ဖြစ်လာပြီး ၀ိုင်းဝန်း ကူညီမူတွေ နည်းပါးလာတာပေါ့။ ဒါကြောင့် ပြည်သူဘဏ္ဍာငွေတွေ ယိုဖိတ်မူ နည်းပါးအောင် ပွင်းလင်းမြင်သာမူ ရှိဖို့ တောင်းဆိုဖို့ ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်းပြင် ဂွမြို့အနီးရှိ ချောင်းကို တံတားထိုးခြင်းဖြင့် သာပေါင်းမြို့နယ်နှင့် ဆက်သွယ်နိုင်ပြီး ဂွမြို့နယ်တွင် စီးပွားရေး အခွင့်အလန်းများ တိုးတက်လာမည် ဖြစ်သဖြင့် ဂွအနီးရှိ ချောင်းကို တံတားထိုးရန် တောင်းဆိုရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

လျှပ််စစ် ဓါတ်အားနှင့် ပတ်သက်ပြီးလည်း ရခိုင်ပြည်နယ်အား မဟာဓါတ်အားလိုင်းမှ မီတာခ တယူနစ် ၅၀ ကျပ်နှင့် ပေးမည့် အစီအစဉ်တွင် ဂွမြို့နယ်အား ချန်လှပ်ထား၍ ဂွမြို့နယ်ကိုပါ ထည့်သွင်းရန် တောင်းဆိုရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ယင်းပြင် စီးပွားရေး လုပ်ငန်းရှင်များအား ကျေးရွာများ အနီးတွင် မြေလွှတ်မြေရိုင်း ဖေါ်ထုတ်ခွင့်ပြုသဖြင့် ဒေသခံ ပြည်သူများမှာ လုပ်ကိုင် စားသောက်စရာ မြေများရှားပါး လာကြောင်း သူက ပြောဆိုသည်။

၎င်းပြင် ဂွမြို့တွင် ဆင်းရဲသား လူတန်းစားများနေထိုင်ခဲ့သော တစ် ဧကကျော်ရှိသည့်  ဦးရွှေလယ်ကုန်းအား ပန်းခြံဆောက်မည်ဟုဆိုကာ လွန်ခဲ့သော (၁၀) နှစ်ခန့်က သိမ်းသွားပြီး ပန်းခြံမဆောက်ဘဲ စီးပွားရေး လုပ်ငန်းရှင်များအား မြို့နယ် အကြီးအကဲများမှ ဌားစားနေသဖြင့် ၎င်းမြေအား မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ရန် တောင်းဆိုရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ဂွ သင်္ဘောဆိပ် အထက်အနားမှာပါ။  ကွင်းအမှတ် (၃၀၅) – ကျနော် ပြေစာထဲမှာ ရှိပါတယ်။ အရင် ကျနော်တို့ ဆင်းရဲသား အိမ် ၂၁ ဆောင်ရှိပါတယ်။ ဒါကို ပန်းခြံဆောက်မယ်ဆိုပြီး မောင်းထုတ် ပစ်ခဲ့ပါတယ်။ ပန်းခြံလည်း တနှစ်ကြာရင် ပျက်စီးသွားပါတယ်။ အခု အဲဒီနေရာမှာ နောက်တခြား စီးပွားရေး လုပ်ငန်းရှင်တွေ ကို ပြန်သွင်းထားပါတယ်။ ကျွန််တော်တို့မှာ မြေပြေစာတွေရှိပါတယ်။ ပြန်ပေးဖို့တောင်းတော့ အိမ် ၄၀ လောက်ရှိနေပြီ မပေးနိုင်တော့ဘူးလို့ ပြောပါတယ်။ လုပ်တာက စည်ပင်၊ ထွေအုပ်နဲ့ မြေစာရင်းတို့ ဖြစ်ပါတယ်” ဟု ဦးရွှေလယ်ကုန်းမှ မောင်းထုတ်ခံခဲ့ရသူ   ဦးတင်အောင်က နိရဥ္စရာကို ပြောသည်။

မောင်းထုတ်ခံရစဉ်က လျှော်ကြေးလည်း မရသည့်အပြင် မြေနေရာလည်း အစားမရသဖြင့် အနီးအနားရှိ တခြားနေရာများတွင် တဲထိုးနေထိုင်နေကြရသည်ဟု ဦးတင်အောင်က ဆက်ဆိုသည်။

ယခုကဲ့သို့ ဂွမြို့သားများ၏ မကျေနပ်ချက်များအား မြို့နယ် အဆင့် အာဏာပိုင်များက တာဝန်ယူ ဖြေရှင်း ပေးခြင်း မရှိသဖြင့် ဆန္ဒဖေါ်ထုတ်ခွင့် ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ပြီး တင်ပြ လျှောက်ထားချက်ကို ဂွမြို့နယ် ရဲစခန်းမှ ပယ်ချသော်လည်း ပြည်နယ်ထိ တက်ရောက် အယူခံဝင်သွားမည်ဟု ဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ဂွမြို့နယ် ရဲစခန်းသို့ ဖုံးဖြင့် အကြိမ်ကြိမ် ဆက်သွယ်ရာ “ ခင်ဗျားပြောတာ ဘာမှ မကြားရဘူး။ မကြားရဘူး ” ဟု ဆိုကာ ဖုံးချသွားသဖြင့် ဆန္ဒဖေါ်ထုတ်ခွင့် ငြင်းပယ်ရသည့် အကြောင်းအရင်းကို အသေးစိတ် စုံစမ်း မေးမြန်းနိုင်ခြင်း မရှိပါ။

Most read this week