ပုဇွန်မွေးရန်ဆည်ဖို့ထားသောချောင်းကို အစိုးရအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖေါက်ချခဲ့သူ လယ်သမား(၈) ဦးတရားစွဲဆိုခံရ

ပုဇွန်မွေးရန်ဆည်ဖို့ထားသောချောင်းကို အစိုးရအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖေါက်ချခဲ့သူ လယ်သမား(၈) ဦးတရားစွဲဆိုခံရ
by -
နိရဥ္စရာ

စစ်အစိုးရလက်ထက်က ပုဇွန်မွေးမြူရန် ပိတ်ဆို့ဆည်ဖို့ထားခဲ့သော ပေါက်တောမြို့နယ်မှ မင်းဗာချောင်း (ခေါ်) ငပြီကြီးချောင်းကို မြို့နယ်အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖောက်ချခဲ့သူ လယ်သမား(၈)ဦးကို တရားစွဲဆို လိုက်သည်ဟု သတင်း ရရှိသည်။

ယင်းချောင်း၌ ပုဇွန်မွေးမြူနေသူ ဦးလှထွန်းဖြူ မှ တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း ယင်းအမှုကို တာဝန်ယူ စစ်ဆေးနေသူ ပေါက်တောရဲစခန်းမှ ဒုရဲအုပ်မောင်အေးမှ အတည်ပြုပြောကြားသည်။

ချောင်းကို ဖေါက်ချစဉ်က နိရဥ္စရာက ယခုလို မှတ်တမ်းတင်ထားခဲ့သည်။

“အကျိုးစီးပွားပျက်စီးစေမူနဲ့  စစ်တပ်က ငှားရမ်းပြီး ပုဇွန် မွေးမြူရေးလုပ်နေတဲ့ စစ်တွေမြို့၊ ဓညဝတီ ရပ်ကွက်က ဦးလှထွန်းဖြူက လွန်ခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က တရားစွဲတာပါ။  ပေါက်တောရဲစခန်းက အမူအမှတ်  ပ-၅၁/၂၀၁၄၊ ပုဒ်မ-၄၂၇၊၄၄၇ နဲ့ လက်ခံပြီး လယ်သမား(၈)ဦးကို စစ်ဆေးနေပါတယ်” ဟု သူက ပြောသည်။

အများပြည်သူများ အသုံးပြုနေသော မင်းဗာချောင်း(ခေါ်) ငပြီကြီးချောင်းအား လွန်ခဲ့သော နှစ်ပေါင်း (၁၀) ကျော်က အမှတ်(၈၁၈) ဆက်သွယ်ရေးတပ်ရင်းမှ တပ်ရင်းရန်ပုံငွေရရှိရေးအတွက်ဟုဆိုကာ စီးပွားရေးလုပ်ရန် သိမ်းယူသွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်တပ်က ယင်းချောင်းအား ပိတ်ဆို့ပြီး စီးပွားရေးသမားများကို ပုဇွန်လုပ်ကို်င်ရန် ငှားရမ်းခဲ့သည်။ နောက်ဆုံး ပုဇွန်မွေးမြူးရေး လုပ်ကိုင်သူမှာ စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ ဦးလှထွန်းဖြူ ဖြစ်သည်။

ယင်းချောင်းကို ပိတ်ဆို့ပြီး ပုဇွန် မွေးမြူခြင်းကြောင့် မိုးရာသီတွင် ယင်းချောင်း တစ်လျှောက်ရှိ လယ်မြေများ အတွင်းသို့ ဆားငန်ရေများ ၀င်ရောက်သဖြင့် လယ်ယာစိုက်ပျိုးရန် ခက်ခဲခြင်း၊ နွေရာသီတွင် ကျွဲနွား သောက်သုံးရေ အခက်အခဲရှိခြင်း၊ ဒေသခံပြည်သူများ သွားရေးလာရေး ခက်ခဲခြင်းများဖြစ်ပေါ်ခဲ့ကြရဟု သိရသည်။

သို့အတွက် ယင်းချောင်းကို ဆည်ဖို့ထားခြင်းအား ဖောက်ချပေးရန် အနီးအနား ကျေးရွာများရှိ ဒေသခံပြည်သူများမှ တောင်းဆိုမူများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

သို့အတွက် အရပ်သား အစိုးရတက်လာသောအခါ ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်း၏ ညွှန်ကြားချက်ဖြင့် လွန်ခဲ့သောဧပြီလ (၁) ရက်နေ့က ရွာသားများက ယင်းချောင်းကို ပြန်လည် ဖောက်ချခဲ့သည်ဟု သိရသည်။

ယင်းချောင်းကို ဖေါက်ချစဉ်က ပေါက်တောမြိုနယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ငါးလုပ်ငန်းဌာန ဦးစီးမှူး၊ မြို့နယ် မြေတိုင်းဌာန ဦးစီးမှူးတို့ကပါ လိုက်ပါကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

အစိုးရတာဝန်ရှိသူများ ကိုယ်တိုင်ပါ၀င်ပြီး ချောင်းကို ဖေါက်ချခြင်း ဖြစ်ကြောင်း၊ ဖေါက်ချစဉ် ရဲတပ်ဖွဲ့ဝင်များလည်း ရှိနေခဲ့ကြောင်း၊ သို့သော်လည်း နောက်ဆုံးတွင် လယ်သမား (၈) ဦးကို အကျိုးဖျက်ဆီးမူဖြင့် ဦးလှထွန်းဖြူက တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကို ရဲက အမူလက်ခံပြီး စစ်ဆေးနေခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံရသူများ အထဲမှ တစ်ဦးဖြစ်သူ ဦးအောင်ကျော်မင်းက ပြောသည်။

“ကျွန်တော်တို့ကို ချောင်းဖောက်တဲ့နေရာမှာ ဘယ်လိုအစီအစဉ်နဲ့ဖောက်သလဲဆိုပြီး ရဲက စစ်ဆေးပါတယ်။ မြို့နယ်အုပ်ချုပ်ရေးဌာန အပါအဝင် ဌာန(၅) ခုနဲ့ ကျွန်တော်ကိုယ်တိုင် သူတို့နောက်က လိုက်ခဲ့ပြီး တဲတွေကို ခုတ်တယ်၊ ဖျက်ဆီးတယ်လို့  ကျွန်တော်တို့ကို စွပ်စွဲပါတယ်။ ကျွန်တော်တို့က အဲဒီတဲနားကိုတောင် မကပ်ခဲ့ပါဘူး။ ကျွန်တော်တို့ အဲ့ဒီနေ့က နံနက်(၈)နာရီ (၁၅)မိနစ်လောက်မှာ ဌာနဆိုင်ရာတွေနဲ့အတူ ချောင်းဖောက်ဖို့ ဆင်းခဲ့ကြပါတယ်။ ချောင်းဖေါက်ချပြီး ကျွန်တော်တို့ကို (၁၁)နာရီကျော်လောက်မှာ ဌာနဆိုင်ရာတွေက ရွာကိုပြန်ခေါ်လာပါတယ်။ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ခဲ့ပါဘူး” ဟုဆိုသည်။

ဦးလှထွန်းဖြူမှ လယ်သမား (၈) ဦးအား တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး နောက်ကွယ်က ဖိအားတစ်ခုခု ရှိနိုင်ကြောင်း၊ သို့အတွက် အစိုးရတာဝန်ရှိသူများ ကိုယ်တိုင် ကြီးကြပ်ပြီး ဖေါက်ချခဲ့ပါလျှက် လယ်သမား (၈) ဦးကို တရားစွဲခြင်း ဖြစ်ကြောင်း အမည် မဖေါ်လိုသူ ပေါက်တောဒေသခံ တစ်ဦးက ပြောသည်။

ယင်းတရားစွဲဆို စစ်ဆေးခံနေရသူများမှာ – (၁) ဦးအောင်ကျော်ညွှန့်(ဘ)ဦးစိန်မောင်/ကျောက်ဆိပ်ကျေးရွာ (၂) ဦးအောင်ကျော်မင်း (ဘ)ဦးအောင်ကျော်ဇံ/ကျောက်ဆိပ်ကျေးရွာ (၃) ဦးစံရွှေမောင်(ဘ)ဦးလုံးမောင်/ ကျောက်ဆိပ်ကျေးရွာ (၄) ဦးထွန်းအောင်ကျော်(ဘ)ဦးသာအောင်/တောင်ညိုကျေးရွာ (၅)ဦးမောင်သိန်းလှ(ဘ) ဦးမောင်ထွီးဖြူ/တောင်ညိုကျေးရွာ (၆)ဦးသာစိန်အောင်(ဘ)ဦချစ်ထွန်းဦး/ အနောက်ပိုင်းရပ်ကွက် (၇)ဦးသောင်းထွန်းအောင် (ဘ)ဦးသာရ/ဘဝမ်းချောင်းဝစုရပ်ကွက် (၈) ဦးအောင်စိုး(ဘ) ဦးလှသိန်းကျော်/ ဘဝမ်းချောင်းဖျားစု ရပ်ကွက် တို့ဖြစ်ကြကြောင်း ပေါက်တောရဲစခန်းက ပြောသည်။

Most read this week