စစ်တွေမာတေဇာအန်ဂျီအိုရုန်းရင်းဆန်ခတ်မှု ရဲသေနတ်ပစ်ဖေါက်လူစုခွဲ

စစ်တွေမာတေဇာအန်ဂျီအိုရုန်းရင်းဆန်ခတ်မှု ရဲသေနတ်ပစ်ဖေါက်လူစုခွဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာခေါ် နိုင်ငံခြား အန်ဂျီအို တစ်ခုမှ  နိုင်ငံခြားသူတစ်ဦး သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်သည်ဟု သတင်းထွက်လာပြီးနောက် ၎င်းအန်ဂျီအို၏ ရုံးများအား ဒေသခံများက ၀ိုင်းဝန်းရာမှ ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။

“ အတွဲလိုက်ပစ်ပါတယ်။ အချက် ၃၀ လောက်ကြားရပါတယ်။ အခုတော့ အခြေအနေငြိမ်သွားပြီ ထင်ပါတယ်” ဟု စစ်တွေသို့ ခေတ္တရောက်ရှိနေပြီး အိမ်တစ်အိမ်တွင် တည်းခိုနေသူ ဦးမြတ်ထွန်းက ပြောသည်။

မကျေနပ်၍ ၀ုိင်းဝန်းသူများသည် မာတေဇာ ရုံးများအား တစ်ရုံးပြီး တစ်ရုံး ၀ိုင်းဝန်းခဲ့ကြပြီး ထိုအထဲမှ အချို့သည် ရုံးများအား ၀င်ရောက် ဖျက်င်္ဆီးရာမှ ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ ညဉ့် ၁၁ နာရီကျော်တွင် ရဲက သေနတ်ပစ် ဖေါက် လူစုခွဲခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ အစပိုင်းမှာတော့ လူတွေက ဂဲတွေနဲ့ အန်ဂျီအို ရုံးကို ၀ုိင်းပစ်ကြပါတယ်။ ဘောက်သီးစု မင်းဗာကြီးလမ်းက ရုံးရော၊ ဦးဥတ္တမလမ်းက ပန်းသာအိမ်မှာ ဖွင့်ထားတဲ့ရုံးကိုရော၊ ကျောင်းတက်လမ်းရုံးကိုရော ဂဲတွေနဲ့ ၀ုိင်းချကြတယ်လို့ သိရပါတယ်။ နောက်ပိုင်မှာ ရုံးတွေကို ၀င်ရောက်ဖျက်ဆီးရာကနေ ထိန်းမရတဲ့ အခြေအနေထိ ဖြစ်လာတဲ့ အတွက် ရဲက ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်” ဟု သူက ဆက်ဆိုသည်။

အစပိုင်းနှင့် ဆရာတော် သံဃာတော်များ၊ မြို့မိမြို့ဖများနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ အပြစ်လုပ်သော နိုင်ငံခြားသူအား ဥပဒေနှင့် အညီ တရားစွဲ အရေးယူပေးမည် ဖြစ်ကြောင်း၊ ဥပဒေနှင့် မညီသော ၀ိုင်းဝန်း တိုက်ခိုက်မူမျိုး မပြုလုပ်ရန် ဖျောင်းဖျ ပြောဆိုရာမှ လူအုပ်မှာ ကွဲသွားမည့် အခြေအနေသို့ ရောက်ခဲ့ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် လူထောင်နှင့်ချီပြီး ထပ်မံ ၀ုိင်းဝန်း ရေ့ာက်ရှိလာရာမှ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မူ မဖြစ်ပွားမီ အခင်းဖြစ်ပွားရာသော ရောက်နေသော စစ်တွေမြို့နယ် ရဲစခန်းမှူးအား ပြဿနာ အစဖြစ်ပွားရခြင်းကို ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ အရပ်သတင်းနော်။ ကျွန်တော်တို့လည်း မစိစစ်ရသေးဘူး။ အဲဒီ ဘောက်သီးစုရပ်ကွက်ရှိ မာတေဇာရုံးမှာ အမေရိကန်သူ– အမေရိကန်သူ — နာမည် (******) က ရုံးမှာ အိမ်ပိုင်ရှင်က စိုက်ထူထားတဲ့ သာသနာ အလံကို ထဘီလို ၀တ်ပြီး လွှင့်ပစ်တယ်လို့ မျက်မြင်တွေက ပြောဆိုရာကနေ လူတွေသိသွားပြီး ရုံးတွေကို ၀ုိင်းရာကနေ ခုလို ပြဿနာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါကို ဥပဒေနဲ့ အညီ ဖြစ်ဖို့ ဆရာတော်တွေနဲ့ ကျနော်တို့ ညှိနိုင်း တိုင်ပင်ပြီး လူစုခွဲသွားကြဖို့ မေတ္တာရပ်ခံနေပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်း နောက်ပိုင်းတွင် လူစုမကွဲသည့် အပြင် အခြေအနေ ဆိုးဝါးလာသဖြင့် ရဲက သေနတ်ပစ်ခတ် နှိမ်နှင်းခဲ့ရခြင်း ဖြစ်သည်။

သာသနာ့အလံကို မဖွယ်မရာလုပ်သူ အမေရိကန်သူသည် လူများ ၀ိုင်းအုံ မရောက်လာမီ စက်ဘီး တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ယင်းသေနတ်ပစ်ခတ်လူစု ခွဲခဲ့ရမူနှင့် ပတ်သက်ပြီး ထိခိုက် ဒဏ်ရာရသူ ရှိမရှိကို နိရဥ္စရာက မသိရှိရသေးပါ။ ဆက်လက် စုံစမ်းနေတုန်း ဖြစ်ပါသည်။

Most read this week