ဒုချီးရားတန်း စွပ်စွဲချက် စုံစမ်းစစ်ဆေးရေးကော်မရှင် ရှင်းလင်း

ဒုချီးရားတန်း စွပ်စွဲချက် စုံစမ်းစစ်ဆေးရေးကော်မရှင် ရှင်းလင်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးယားတန်းကျေးရွာ (အလယ်ရွာ)တွင် ၂၀၁၄ ဇန်နဝါရီလ ၁၃ရက်နေ့တွင်  ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရမှုနှင့် စပ်လျဉ်း၍ အင်တာနက် သတင်း စာမျက်များတွင် ဖော်ပြခဲ့သည့် ဘင်္ဂလီများ အသတ်ခံခဲ့ရခြင်း စွပ်စွဲချက်မှှာ တိကျသေချာသော သက်သေ အထောက်အထား မတွေ့ရှိရဟု စုံစမ်းစစ်ဆေးရေးကော်မရှင် (ဒုချီးယားတန်း)မှ မတ်လ ၁၁ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဒုချီးယားတန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့အပြီး သတင်းစာရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် မတ်လ ၁၁ရက်နေ့က ပြုလုပ်ခဲ့သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် (ဒုချီးယားတန်း)မှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စာမျက်နှာ ၁၁၀ ပါဝင်သည့် အစီရင်ခံစာကိုလည်း မနေ့က ထုတ်ပြန်ခဲ့သည်။

၎င်းအစီရင်ခံစာထဲတွင် ဘင်္ဂါလီများ အသတ်ခံရခြင်းနှင့်ပတ်သက်ပြီး ဘင်္ဂါလီရွာသား ၁၁၂ ဦးကို မေးမြန်းရာ သေဆုံးမှုများ ရှိသည်ဟု ဖြေဆိုသူ (၆၆.၇) ရာခိုင်နှုန်းသည် သတင်းအချက် အလက်များကို တဆင့်ခံကြား သိရခြင်းများသာဖြစ်ပြီး မည်သည့်ဖြစ်စဉ် အကြောင်းအရာကိုမျှ တိကျ သေချာစွာ သိရှိခြင်း မရှိကြပါ ဟု ဖော်ပြထားသည်။

အလားတူ ၁၆/၁/၂၀၁၄ ရက်နေ့တွင် အမေရိကန် နိုင်ငံတွင် နေထိုင်သော Robert Elhose ၏ Facebook စာမျက်နှာတွင် ဒုချီးရားတန်း ဖြစ်စဉ်အတွင်း သေဆုံးသူ (၂၀)ဦး၏ စာရင်းအား အမည်၊ အဘအမည်နှင့် အသက်များကို ဖော်ပြထားခဲ့သော်လည်း ဒုချီးယားတန်းရွာရှိ အိမ်ထောင်စု မှတ််တမ်းစာရင်းများဖြင့် တိုက်ဆိုင် စစ်ဆေးသည့်အခါ အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသော စာရင်းများသည်ကျေးရွာမှတ်တမ်းတွင် မှတ်ပုံတင်ထားခြင်း မရှိသကဲ့ သို့ ထိုကျေးရွာတွင် နေထိုင်သူများ မဟုတ်ကြောင်းကို တွေ့ရှိရသည်။

ဒုချီးယားတန်းရွာမှ ဘင်္ဂါလီအမျိုးသမီး ဒေါ်အာရေးရှား ဆိုသူက ၎င်း၏ခင်ပွန်းဖြစ်သူ မာမွတ်ရော်ဖီးအား ရဲတပ်ဖွဲ့ဝင်များက သတ်ဖြတ်ပြီး တရွတ်တိုက်ဆွဲယူသွားခဲ့သည်ကို ၎င်းကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများမှ ရှာဖွေရာတွင် အဆိုပါ ခင်ပွန်းဖြစ်သူဆိုသူမှာ သံသယရှိသ တစ်ဦးဖြစ်ပြီး မောင်တောရဲစခန်းတွင် ထိန်းသိမ်း ခံထားရသူဖြစ်ကြောင်း တွေ့ရခဲ့သည်ဟု ပါရှိသည်။

လူ့အခွင့်အရေး ကော်မရှင်၏ ခရီးစဉ်အတွင်း ဒုချီးယားတန်းဖြစ်စဉ်တွင် သေဆုံးသူ (၅၂) ဦး၏ အမည်စာရင်းများအား ပေးအပ်ခဲ့သည်ဟု RB News တွင် ဖော်ပြထားသည်ကို တိုက်ဆိုင် စစ်ဆေးရာ သေဆုံးသူအမည်များအနက် (၅)ဦး၏ အမည်ကိုသာ ရှာဖွေတွေ့ရှိခဲ့ပြီး (၄၇)ဦး၏ အမည်များကိုမူ မှတ်တမ်း စာရင်းများတွင် မတွေ့ရှိခဲ့ရပါဟု ဖော်ပြထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက် အပိုဒ်နံပါတ် (၅)တွင်လည်း “မူဆလင် အင်တာနက် သတင်းစာမျက်နှာ RB News တွင် ဖော်ပြထားသည့် သေဆုံးသူများနှင့် သေဆုံးသူစာရင်းကိစ္စနှင့် ပတ်သက်၍ တိကျသေချာသော သက်သေမတွေ့ရှိခဲ့ပါ။ ဒေသခံ တဦးမှ မိမိ၏ မိသားစုဝင်တစ်ဦး သေဆုံးခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း ထိုသေဆုံးသည်ဟု ပြောခြင်းခံရသူမှာ မောင်တောရဲစခန်းတွင် ထိန်းသိမ်းခံထားရခြင်းဖြစ်ပြီး သေဆုံးခြင်း မဟုတ်ပါ” ဟု ဖော်ပြထားသည်။

၎င်းအစီရင်ခံစာ စာမျက်နှာ ၃၄ အခန်း ရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး၊ နှိပ်စက် လုယက်မှုများဆိုသည့် အခန်းတွင် ဒေသခံ ဘင်္ဂါလီ ၁၂၂ ဦးကိုမေးမြန်းရာတွင် ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းက ဇန်နဝါရီ ၁၃ ဒုချီးယားတန်း ကျေးရွာ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ဖမ်းဆီးနှိပ်စက်မှုများရှိကြောင်း ပြောဆိုကြပြီး ကျန် (၁၅) ရာခိုင်နှုန်းသည် အထက်ပါ ကိစ္စကို လုံးဝမသိရှိကြောင်း ပြောဆိုကြပါသည်။

သို့သော်လည်း လုံခြံုရေးတပ်ဖွဲ့များမှ ဖမ်းဆီးနှိပ်စက်၊ လုယက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲပြောဆိုထားသော ဖြေဆိုသူများ၏ (၆၉.၅) ရာခိုင်နှုန်းသည် ကျူးလွန်သည်ဟုသာ စွပ်စွဲ ပြောဆိုပြီး မည်သို့ မည်ပုံ ကျူးလွန်ကြောင်းကို အခိုင်အမာ ပြောဆိုနိုင်ခြင်းမရှိပါဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် အခင်းဖြစ်ပေါ်ရာနယ်မြေများသို့ တိုက်ရိုက်လေ့လာ စစ်ဆေးမှုများကို ဖေဖော်ဝါရီလ ၁၅ရက်နေ့မှ ၂၁ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး စုစုပေါင်း (၁၇၅) ဦးကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုချီးရားတန်း စုံစမ်းရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပဋိပက္ခ ပြဿနာအား ပြေလည်အောင် ဖြေရှင်းရန် အတွက် အစိုးရအနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် ရခိုင်ဒေသရှိ အစိုးရ ၀န်ထမ်းများကို အရည်အချင်း မြှင့်တင်ပေးခြင်းများ ပြုလုပ်ရန် အကြံပြုထားသည်။

၎င်း ဒုချီးယားတန်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး အီးယူကိုယ်စားလှယ်အဖွဲ့မှလည်း ဇန်နဝါရီလ ၃၀ရက်နေ့တွင် ဒူးချီးယားတန်းအပါအဝင် မောင်တောမြို့သို့ လာရောက် လေ့လာခဲ့သည်။

Most read this week