OIC ခရီးစဉ်ကို ရန်ကုန်တွင် ဆန္ဒပြ ကန့်ကွက်မည်

OIC ခရီးစဉ်ကို ရန်ကုန်တွင် ဆန္ဒပြ ကန့်ကွက်မည်
by -
နိရဥ္စရာ

ယခုလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် OIC အား ကန့်ကွက်သည့် ဆန္ဒပြပွဲ တစ်ခုကို ရန်ကုန်မြို့တွင် မနက်ဖြန် နိုဝင်္ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

ယင်းကဲ့သို့ ကန့်ကွက်ရခြင်းမှာ OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ အနေဖြင့် မြန်မာနိုုင်ငံသို့ သာမန် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် လာရောက် လည်ပတ်ခြင်း မဟုတ်ဘဲ နိုင်ငံရေး ရည်မှန်းချက်များနှင့် အတူ မြန်မာနိုင်ငံ အစိုးရကို ဖိအားပေးရန် ရည်ရွယ်၍ လာရောက်မည့် ခရီးစဉ် ဖြစ်သဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုဝေလင်းအောင်က ပြောသည်။

“ OIC က ရိုးရိုးတန်းတန်း လာလည်မှာ မဟုတ်ဘူး။ ၁၉၈၂ ခုနှစ် နို်င်ငံသား အက်ဥပဒေကို ပြင်ဆင်ဖို့ မြန်မာ အစိုးရကို ဖိအားပေးမယ်လို့ ကျနော်တို့ သိရတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံထဲကို ၀င်ရောက်နေတဲ့ ဘင်္ဂလီတွေကို လူမျိုးတစ်မျိုး အနေနဲ့ နိုင်ငံသားအဖြစ် သတ်မှတ်ဖို့ တောင်းဆိုမယ်ဆိုတဲ့ ရည်ရွွယ်ချက်တွေ ပါလာတဲ့ အတွက် ကျွန်တော်တို့က ကန့်ကွက်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆန္ဒပြကန့်ကွက်ပွဲအား နိုဝင်္ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် အင်းစိန် GTI ကျောင်း (ပြည်တော်သာ)မှ စတင်မည် ဖြစ်ပြီး ယင်းမှ တဆင့် အင်းစိန် YIT ကျောင်းရှေ့အထိ ချီတက်ကာ ဆန္ဒ ဖေါ်ထုတ်သွားမည်ဟု ယင်းက ဆိုသည်။

“ ကျွန်တော်တို့က အင်းစိန် GTI ကျောင်းရှေ့မှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ အက်ဥပဒေကို ပြင်ဆင်စရာ မလိုတဲ့ အကြောင်းနဲ့ ဘာကြောင့် မလိုအပ်သလဲဆိုတာကို တက်ရောက်လာတဲ့ လူထုကို ဟောပြောပွဲ လုပ်ပြီး ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှ ချီတက် ဆန္ဒဖေါ်ထုတ်သွားမှာ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါးထိ တက်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရန် အတွက် သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ ခွင့်ပြုချက် တင်ထားကြောင်း၊ ခွင့်ပြုချက် မရလျှင်လည်း အဆိုပါ ဆန္ဒဖေါ်ထုတ်ပွဲကို မဖြစ်မနေ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခု လာရောက်မည့် OIC အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အား ၎င်း၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဦးဆောင်မည် ဖြစ်ပြီး ဘင်္ဂလာဒေချ့်၊ အီဂျစ်၊ တူရကီ၊ အင်ဒိုနီးရှားနှင့် မလေးးရှားနို်င်ငံတို့မှ နိုင်ငံခြားရေး ၀န်ကြီးများလည်း လိုက်ပါလာကြမည်ဟု သိရသည်။

၎င်းအဖွဲ့သည် နိုဝင်္ဘာလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ပြီး ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့များသို့ သွားရောက်ကြမည်ဟု သတင်းများတွင် ဖေါ်ပြသည်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ရခိုင်အမျိုးသားများက OIC ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး  ဆန့်ကျင် ကန့်ကွက် သွားကြမည်ဟု သတင်း ရရှိသည်။

Most read this week