ရခိုင်ပြည်နယ် NLD လူငယ် ညီလာခံ ကျင်းပရန် မြို့နယ် ၁၅ ခုမှ လူငယ်များဆွေးနွေး

ရခိုင်ပြည်နယ် NLD လူငယ် ညီလာခံ ကျင်းပရန် မြို့နယ် ၁၅ ခုမှ လူငယ်များဆွေးနွေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ညီလာခံ ကျင်းပနိုင်ရေး အတွက် ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှ NLD လူငယ် များသည် သြဂတ်စ်လ ၂၉ ရက်နေ့က အမ်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဆွေးနွေးပွဲအား ကျင်းပ ပြုလုပ်ခဲ့ကြပြီး  မြို့နယ် ၁၅ ခုမှ လူငယ် ကိုယ် စားလှယ်များနှင့် ဗဟို လူငယ်ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့မှ ဦးမျိုးညွန့်၊ ဦးမင်းမင်းဦးတို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် NLD လူငယ်ညီလာခံ ကျင်းပနိုင်ရေး အတွက် လိုအပ်ချက်များ အပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ရခိုင်ပြည်နယ် NLD လူငယ်ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဌ ကိုမင်းအောင်က နိရဥ္စရာသို့ပြောသည်။

“ ကျွန်တော်တို့ လူငယ်ညီလာခံကျင်းပဖို့အတွက်နဲ့  ခရိုင်၊ မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင် ဖွဲ့စည်း ဖို့အတွက် ဗဟိုညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့က  လာတဲ့ ဦးမျိုးညွန့်နဲ့ ဦးမင်းမင်းဦးတို့ ရောက်ရှိနေပါတယ်။ အမ်းမှာ  ညီလာခံကျင်း ပတဲ့ နည်းစနစ်တွေနဲ့ အစီအစဉ်တွေကို သူတို့နဲ့ အတူ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ညီလာခံကို တနို်င်ငံလုံးအတိုင်းအတာအနေဖြင့် ကျင်းပပြီးစီးသွားပြီ ဖြစ်သော်လည်း လူငယ်များ၏ကဏ္ဍကို မြှင့်တင်နိုင်ရန် NLD လူငယ်ညီလာခံကို တနိုင်ငံလုံးအတိုင်းအတာ အနေဖြင့် နောက်ထပ် ၃ လအတွင်း ကျင်းပနိုင်ရန် စီစဉ်သွားမည်ဟုလည်း ကိုမင်းအောင်က ပြောသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် NLD လူငယ် ညီလာခံကို မကျင်းပမီ ရခိုင်ပြည်နယ် NLD လူငယ် ညီလာခံကို ကြိုတင် ကျင်းပသွားမည်ဟု သူက ဆက်ပြောသည်။

“ လူကြီးကဏ္ဍက အားလုံးပြီးသွားပြီ၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကတဆင့် ဗဟိုညီလာခံ ကျင်းပ သွားပြီးပြီ၊ အခုက  အသက် ၃၅ နှစ်အောက် လူငယ်တွေရဲ့ သီးသန့်ညီလာခံပါ။ တနိုုင်ငံလုံး လူငယ်ညီလာခံကို သုံးလအတွင်းမှာ  ကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီမတိုင်မီ ရခိုင်မှာ NLD လူငယ် ညီလာခံက်ို ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၅ ခုတွင် ရပ်ကွက်၊ မြို့နယ်အဆင့် လူငယ်ကော်မတီ အဖွဲ့ဝင် များကို များမကြာမီ ရွေးချယ်တင်မြှောက် သွားမည်ဟု သူကပြောသည်။

ဆွေးနွေးပွဲသို့ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်များမှ လူငယ်ကိုယ်စားလှယ် ၁၅ ဦး  အပါအဝင် လူပေါင်း ၂၀ ကျော် တက်ရောက်ဆွေးခဲ့သည်ဟု သိရှိရသည်။

ဆွေးနွေးပွဲကို မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်မှ NLD လူငယ်ကိုယ်စား လှယ်များ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Most read this week